Connect with us

Environment, Disasters & Accidents

ရေရှားပါးနေသော ဒလမြို့နယ် အတွင်းရှိ နေရာများသို့မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သောက်သုံးရေ လှူဒါန်း

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ဒလမြို့နယ် ဒေသခံပြည်သူများအား သောက်သုံးရေများ ပေးဝေလှူဒါန်းနေမှုများ တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ် အတွင်းရှိ ရေရှားပါးနေသော နေရာများသို့မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးမှ အိမ်ထောင်စုပေါင်း ၂၀၀၀ ခန့်အတွက် သောက်သုံးရေ ဂါလံ ၇၅၀၀ အား ယနေ့မေလ ၃ ရက်တွင် သွားရောက် လှူဒါန်းခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းကောင်း နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူများတွင် နက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ရှိခဲ့ကြောင်း၊ မြန်မာပြည်သူ ပြည်သားများ အထူးသဖြင့် ဒလမြို့သူမြို့သားများ အခက်အခဲ ကြုံတွေ့သည့် အခါတွင် ဆွေမျိုးပေါက်ဖော် ဖြစ်သည့် တရုတ်ပြည်သူလူထုသည် ကူညီပေးရန် တာဝန်ဖြစ်ကြောင်း ၊ ယခုကဲ့သို့ကူညီပေးခြင်း အားဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူလူထု အကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ပိုမို နက်ရှိုင်းသွားမည်ဟု ယူဆပါကြောင်း ၊ ယခု လှူဒါန်းမှုသည် ဒေသခံ ပြည်သူလူထု ကြုံတွေ့နေရသော သောက်သုံးရေ အခက်အခဲ ကျော်လွှားနိုင်ရန် ကြိုးစား ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ဒလမြို့နယ် ပြည်သူလူထု၏ လိုအပ်ချက်အရ ဆက်လက် ကူညီပေးသွားမည် ဖြစ်ကြောင်း ဒလမြို့နယ်၌ ပြုလုပ်သော လှူဒါန်းပွဲ အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဒလမြို့နယ်သို့လှူဒါန်းသော သောက်သုံးရေသယ်ယာဉ်များအား တွေ့ရစဉ်(ဆင်ဟွာ)

ဒလမြို့နယ် ပြည်သူလူထု သောက်သုံးရေ ရရှိရန် ဆက်လက်ကူညီပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်သည် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ဒလမြို့နယ် ဒေသခံပြည်သူများအား သောက်သုံးရေများ ပေးဝေလှူဒါန်းနေမှုများ တွေ့ရစဉ်(ဆင်ဟွာ)

ထို့အတူ တရုတ်သံအမတ်ကြီးသည် ဒလမြို့နယ် အတွင်းရှိ နန်းဦး ဘုန်းကြီးကျောင်းသို့သွားရောက်၍ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံနှုတ်ဆက်ကာ သောက်သုံးရေများအား ကိုယ်တိုင် ပေးဝေလှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ဒလမြို့နယ် ဒေသခံပြည်သူများအား သောက်သုံးရေများ ပေးဝေလှူဒါန်းနေမှုများ တွေ့ရစဉ်(ဆင်ဟွာ)

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့ရှိ ရေရှားပါးမှု ကြုံတွေ့နေရသည့် နေရာများသို့သွားရောက် ရေလှူဒါန်းရန် စီစဉ်ထားပြီး သက်ဆိုင်ရာ ဒေသများတွင် ရေသောက်သုံးရန် ရေသန့်စက်များ ၊ ရေသိုလှောင်ရန် ရေတွင်း ရေကန်များ တည်ဆောက်ရန် စီမံကိန်းများအား စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ် အတွင်းရှိ ရေရှားပါးနေသော နေရာများသို့သောက်သုံးရေ လှူဒါန်းခြင်း အခမ်းအနားတွင် စုပေါင်း မှတ်တမ်းတင် ရိုက်ကူးနေစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်သည် ဒလ မြို့နယ် ဒေသခံ ပြည်သူများနှင့် နန်းဦးကျောင်းတိုက်၌ တွေ့ဆုံနေစဉ်(ဆင်ဟွာ)

ထိုသို့လှူဒါန်းရာတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် အတူ ရှမ်းကုန်းလမ်း တနင်္ဂနွေ သန့်ရှင်းရေး အသင်းသည် ဒလမြို့နယ် အတွင်းရှိ ရေရှားပါးနေသော နေရာများသို့သောက်သုံးရေများ ပူးပေါင်း လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး လှူဒါန်းပွဲ အခမ်းအနားသို့ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွေးတင် ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ဦးနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်ဖွံ့ဖြိုးရေး အဖွဲ့အစည်းများ ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး လူငယ် စာပေအဖွဲ့၊ ယူနန် လှုမှုကူညီရေး အသင်း လူငယ်အဖွဲ့၊ တရုတ်-မြန်မာ စေတနာ့ ဝန်ထမ်း လူငယ်များ ပါဝင် တက်ရောက်ခဲ့ကြသည်။ (Xinhua)