Connect with us

Environment, Disasters & Accidents

ရခိုင်ပြည်နယ် သံတွဲမြို့အနီး အင်အားအသင့်အတင့် နှင့် အင်အားအနည်းငယ်ရှိသော မြေငလျင် နှစ်ခု ဆက်တိုက် လှုပ်ခတ်မှု ဖြစ်ပွား

သံတွဲမြို့ အနီး အင်အားအနည်းငယ်ရှိသော မြေငလျင် လှုပ်ခတ်ခဲ့သည့် သတင်းအချက်အလက် ဇယားအား တွေ့ ရစဉ်(ဓာတ်ပုံ - မိုး/ဇလ)

ရန်ကုန် ၊ သြဂုတ် ၁၈ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် သံတွဲမြို့အနီး၌ ယနေ့နံနက်ပိုင်းတွင် အင်အားရစ်(ခ်)တာ စကေး(၅.၅)အဆင့် နှင့် အင်အား ရစ်(ခ်)တာ စကေး(၄.၇)အဆင့်ရှိ မြေငလျင် နှစ်ခု သည် မိနစ် အနည်းငယ်ခြား၍ ဆက်တိုက် လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ၊ မြေငလျင် ဌာနခွဲထံမှ သိရသည်။

ယင်းမြေငလျင်များသည် ကုန်းတွင်းပိုင်း ရခိုင်ရိုးမ တောင်တန်းများဘက်တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ငလျင် လှုပ်ခတ်မှုများအား သံတွဲ အပါအဝင် ဧရာဝတီတိုင်းဒေသကြီးတို့မှ သိရှိခံစားခဲ့ရကြောင်း ၊ ပထမ အကြိမ် အင်အားရစ်(ခ်)တာ စကေး(၅.၅)အဆင့်ရှိ မြေငလျင် လှုပ်ခတ်ပြီး ထပ်မံ လှုပ်ခတ်ခဲ့သော အင်အား ရစ်(ခ်)တာ စကေး(၄.၇)အဆင့်ရှိ မြေငလျင်မှာ နောက်ဆက်တွဲ မြေငလျင် ဖြစ်နိုင်ကြောင်း ၊ ထိခိုက်ပျက်စီးမှု အခြေအနေမှာ မသိရှိရသေးကြောင်း မြေငလျင် ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အင်အားရစ်(ခ်)တာ စကေး(၅.၅)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုသည် မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၅၄)မိနစ်၊ (၂၁)စက္ကန့် အချိန်တွင် သံတွဲမြို့၏ အရှေ့ဘက် (၁၅)မိုင်ခန့်အကွာ ၊ မြောက်လတ္တီတွဒ် (၁၈.၄၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၅၉)ဒီဂရီ အကြား အနက် (၈) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ် သွားခဲ့ကြောင်း သိရသည်။

အင်အားရစ်(ခ်)တာ စကေး(၄.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုသည် မြန်မာစံတော်ချိန် (၁၀)နာရီ၊ (၀၈)မိနစ်၊ (၁၄)စက္ကန့် အချိန်တွင် သံတွဲမြို့၏ အရှေ့ တောင်ဘက်မိုင် (၂၀) ခန့်အကွာ ၊ မြောက်လတ္တီတွဒ် (၁၈.၃၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၅၉)ဒီဂရီ အကြား အနက် (၅၁) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။(Xinhua)