Connect with us

Environment, Disasters & Accidents

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း၌ မိုးရွာသွန်းမှုကြောင့် ပျက်စီးခဲ့သော စေတီပုထိုး ၂၆ ဆူအား ရှေးမူမပျက်ပြင်ဆင်ပြီးဖြစ်

ပုဂံရှေးဟောင်းယဉ်ကျေးမှုမြို့တော်ရှိ စေတီပုထိုးများအား ၂၀၁၉ ခုနှစ် ဇူလိုင် ၆ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း၌ မိုးရွာသွန်းမှုကြောင့် ပျက်စီးခဲ့သော စေတီပုထိုးပေါင်း အဆူ ၆၀ တွင် ရှေးမူမပျက် မူလလက်ရာအတိုင်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်နေရာ ၂၆ ဆူ ပြုပြင်ပြီးဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ဆင်ဟွာသို့ ယနေ့ ဧပြီ ၂၉ ရက်တွင်ပြောသည်။
ဦးကျော်မျိုးဝင်းက “ဘုရားအဆူ ၆၀ ပျက်စီးခဲ့တာကို ရှေးမူမပျက်ပြင်ဆင်ပြီးတာက ၂၆ ဆူရှိပါပြီ။ အဆူ ၂၀ ကို ရှေးမူလက်ရာအတိုင်း ပြုပြင်ထိန်းသိမ်းနေပြီး ကျန်တဲ့ ၁၄ ဆူကိုလည်း ဆက်လက်ပြုပြင်ထိန်းသိမ်းဖို့ စီစဉ်ဆောင်ရွက်နေဆဲဖြစ်ပါတယ်” ဟု ပြောသည်။
လက်ရှိပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်နေသော စေတီပုထိုးအဆူ ၂၀ တွင် နံရံဆေးရေးပန်းချီများနှင့် ပတ်သက်ပြီး မူလလက်ရာမပျက် ပုဂံခေတ်ဗိသုကာပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆိုသည်။
“ပုဂံဘုရားတွေ ပြုပြင်ထိန်းသိမ်းတဲ့ လုပ်ငန်းစဉ်မှာ ဆိုရင် ကြိုတင်ကာကွယ်ထိန်းသိမ်းရမယ့် ဘုရားတွေ၊ အရေးပေါ်ထိန်းသိမ်းရမယ့် ဘုရားတွေ အရေးပေါ်မဟုတ်ဘဲ လာမယ့်နှစ်မှာ ထိန်းသိမ်းရမယ့်ဘုရားတွေကိုလည်း စာရင်းတွေပြန်ကောက်နေတယ်။ အဲဒီလိုစာရင်းတွေပြန်ကောက်ပြီး ပြင်ဖို့လိုတယ်ဆိုပြီး အစီရင်ခံစာတွေ တက်လာရင် ပြုပြင်ထိန်းသိမ်းရေးဘက်က နယ်မြေအလိုက်အင်ဂျင်နီယာတွေက သွားစစ်ပြီး ထပ်တိုးလာတဲ့ဘုရားတွေလည်းရှိတယ်’’ ဟု ၎င်းက ဆက်ပြောသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ၌ ဘုရားစေတီပုထိုးပေါင်း ၃၈၃၇ ဆူရှိကြောင်း သိရသည်။ လာမည့် မိုးရာသီတွင် ဖြစ်လာနိုင်သည့် အက်ကွဲကြောင်းဖြစ်နေသော၊ အုတ်ဟနေသော စေတီပုထိုးများအား စာရင်းကောက်ယူ၍ ထိန်းသိမ်းရန် ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။ (Xinhua)