Connect with us

Myanmar

၃၁ ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစားနည်း ၂၀ မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်

၂၈ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် မြားပစ်လေ့ကျင့်နေသည့် အားကစားသမားတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစားနည်း အမျိုးအစား ၂၀ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဆုတံဆိပ်ပေါင်း ၆၀ ရရှိမည်ဟု မျှော်မှန်း၍ လေ့ကျင့်ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ဆင်ဟွာသို့ ယနေ့ ဧပြီ ၂၉ ရက်တွင်ပြောသည်။

“ဆုတံဆိပ်အနေနဲ့ ရွှေတံဆိပ် ၁၂ ခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၀ ခု စုစုပေါင်း ဆုတံဆိပ် ၆၀ မျှော်မှန်းလျာထားပြီး ကျွန်တော်တို့ ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်’’ ဟု ဦးဌေးအောင်ကပြောသည်။

မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်း အမျိုးအစား ၂၀ မှာ ပြေးခုန်ပစ်၊ မြားပစ်၊ လက်ဝှေ့၊ ဘိလိယက်၊ ဘောလုံး/ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ဝူရှူး၊ ဘော်လီဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဗိုဗီနမ်၊ အလေးမ၊ သေနတ်ပစ်၊ လှေလှော် (အပြည်ပြည်ဆိုင်ရာလှေ၊ ကနူး/ကယက်) ၊ ပီတန်း၊ ဂေါက်သီး၊ စစ်တုရင်၊ ကာယဗလ၊ Esports နှင့် Kurash အားကစားနည်းတို့ဖြစ်ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မှ သိရသည်။

“မူလက ၁၈ နည်းယှဉ်ပြိုင်ဖို့လုပ်ထားရာက အခုကတော့ Esports နဲ့ Kurash နှစ်မျိုးထပ်တိုးလိုက်တဲ့ အတွက် အားကစားနည်း အမျိုး ၂၀ နဲ့ ယှဉ်ပြိုင်ဖြစ်မှာပါ။ အားကစားနည်း ၆ မျိုးကို တရုတ်နိုင်ငံမှာ ပြိုင်ပွဲအကြိုလေ့ကျင့် မှု အနေနဲ့ မနှစ်ကတည်းက သွားရောက်လေ့ကျင့်နေပါတယ်။ ကျန်တဲ့ အားကစားနည်းတွေက နေပြည်တော်မှာ လေ့ကျင့်တာ ရှိတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အစီအစဉ်နဲ့ လေ့ကျင့်နေတာတွေလည်း ရှိပါတယ်’’ ဟု ဦးဌေးအောင်က ပြောသည်။

COVID-19 ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားရသည့် ၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ က အိမ်ရှင်အဖြစ်ဆောင်ရွက်ပြီး ၂၀၂၂ ခုနှစ် မေ ၁၂ ရက် မှ ၂၃ ရက် အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ လေ့ကျင့်မှုအနေဖြင့် ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် လေ့ကျင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)