Connect with us

Myanmar

ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် ငွေကျပ် ၁၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများအား တွေ့ရစဉ် (ဓာတ်ပုံ- CCDAC MYANMAR)

ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ငွေကျပ် (၁၂ ဒသမ ၅) ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၂၅) သန်း ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR မှ ယနေ့ (ဇန်နဝါရီ ၂၄ ရက်) တွင် ထုတ်ပြန်သော သတင်းအရသိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ရပ်စောက်-အင်တောသွားကားလမ်း၊ ထင်းကွင်းကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ မူးယစ်ဆေးဝါးများ သယ်ဆောင်မည့်သတင်းအရ စောင့်ဆိုင်းနေစဉ် ဇန်နဝါရီလ ၁၇ ရက် ည ၇ နာရီခွဲအချိန်၌ အင်တောမှ ရပ်စောက်ဘက်သို့ သတင်းရရှိထားသော HILUX မော်တော်ယာဉ်တစ်စီးနှင့် CANTER ၆ ဘီး မော်တော်ယာဉ်တို့ ရောက်ရှိလာသဖြင့် ရှာဖွေစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှာဖွေစစ်ဆေးစဉ် CANTER ၆ ဘီး မော်တော်ယာဉ်ပေါ်တွင် မီးသွေးအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၁၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ သန်း သိမ်းဆည်းရမိခဲ့ပြီး ဖမ်းမိတရားခံများ၏ ဖော်ထုတ်ချက်အရ ယင်းနေ့ ည ၁၁ နာရီခွဲအချိန် စိတ်ကြွရူးသွပ်ဆေးပြားများ တာဝန်ခံသယ်ဆောင်ခိုင်းသူအား ရွှေညောင်မြို့၊ ပြည်ထောင်စုလမ်း၊ နယ်မြေ(၂)ရှိ ၎င်း၏နေအိမ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်း ဖမ်းဆီးရမိသူများအား စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများအား ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာမှ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းသိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117