Connect with us

Myanmar

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅၀ ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီးတွင် ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားများအား တွေ့ရစဉ်(ဓာတ်ပုံ-CCDAC MYANMAR)

ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ငွေကျပ် ၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅၀ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR က ယနေ့(မတ် ၁၁ ရက်) ၌ ထုတ်ပြန်သော သတင်းအရ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၆ ရက် ညနေ ၆ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဆည်တော်ကြီးဆည်အတွင်း သတင်းအရ စောင့်ဆိုင်းနေစဉ် လူ ၆ ဦးမှ စက်တပ်လှေငယ် ၂ စီးဖြင့် မီးသွေးအိတ်များအတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅၀ အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို သယ်ဆောင်ခိုင်းသူ နှင့် ပူးပေါင်းပါဝင်သူ တို့အား မတ်လ ၇ ရက် နံနက် ၇ နာရီအချိန် မတ္တရာမြို့နယ်၊ ဆည်တော်ကျေးရွာတွင် ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်မှ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်သို့ ရေလမ်းကြောင်းအတိုင်း စက်တပ်လှေဖြင့် သယ်ဆောင်ခဲ့ပြီး မန္တလေးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)