Connect with us

Myanmar

မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) ကျင်းပပြီးစီး

ရွေးကောက်ပွဲ အပိုင်း(၂) အတွက် မဲဆန္ဒရှင်များ မဲပေးမှုများအား တွေ့ရစဥ်(ဆင်ဟွာ)

ရန်ကုန်၊ ဇန်န၀ါရီ ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အတွက် မဲပေးမှုများ ယနေ့ (ဇန်န၀ါရီ ၁၁ ရက်) ညနေပိုင်းတွင် ပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ ရွေးကောက်ပွဲအတွက် မဲပေးမှုများကို ယနေ့ နံနက် ၆ နာရီတွင် စတင်ခဲ့ပြီး ညနေ ၄ နာရီ၌ မဲရုံများ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
မဲရုံပိတ်သိမ်းပြီးနောက် မဲရုံဝန်ထမ်းများသည် ပြည်တွင်းနှင့် နိုင်ငံတကာ မီဒီယာများ၊ ကိုယ်စားလှယ်လောင်းများနှင့် စောင့်ကြည့်သူများရှေ့တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များအတွက် ကြိုတင်မဲများ အပါအဝင် မဲများကို ရေတွက်ခဲ့ကြောင်း သိရသည်။

“ကြိုတင်မဲရေတွက်တဲ့အခါ ကိုယ်စားလှယ်လောင်းအကုန်လုံးကိုဖိတ်ပါတယ်။ တချို့ကိုယ်စားလှယ်လောင်းတွေက ဖိတ်တာကိုမလာဘဲပြောနေတာပါ။ အကုန်လုံးကို ကွယ်ဝှက်ပြီးလုပ်လို့မရဘူး ပွင့်လင်းမြင်သာစွာလုပ်ရတာပဲ။ မဲရေတာကိုလာကြည့်ဖို့ပြောတာ မလာဘဲပြောနေကြတာ။ ချို့ယွင်းချက်‌တွေရှိခဲ့လို့ ကော်မရှင်ကိုပြောရင် သူတို့က ပွင့်လင်းမြင်သာစွာဆောင်ရွက်ပေးပါလိမ့်မယ်” ဟု အမျိူးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ရွေးကောက်ပွဲ အပိုင်း (၂) ကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုရှိ မြို့နယ် ၁၀၀ တွင် ကျင်းပခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် လသာ၊ ဗဟန်း၊ ကြည့်မြင်တိုင်နှင့် ကော့မှူး စသည့်မြို့နယ်များ အပါအဝင် မြို့နယ် ၁၆ မြို့နယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အပိုင်း (၃) ပိုင်းဖြင့် ကျင်းပလျက်ရှိပြီး အပိုင်း (၁) ကို လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် မြို့နယ် ၁၀၂ မြို့နယ်တွင် ကျင်းပခဲ့ပြီး အပိုင်း(၃)ကို ယခုနှစ် ဇန်နဝါရီလ ၂၅ ရက်၌ မြို့နယ် ၆၃ မြို့နယ်တွင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ အပိုင်း (၁) တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်သူ့လွှတ်တော်အတွက် ရွေးကောက်တင်မြှောက်ခံရသော ကိုယ်စားလှယ် ၁၀၀ ကျော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၃၀ ကျော်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ (ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များ) ၁၀၀ ကျော် ကိုယ်စားလှယ်စာရင်းကို ကြေညာခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ လွှတ်တော်ကို မတ်လထဲမှာ ခေါ်မယ်‌ပေါ့။ ပြီးရင် လွှတ်တော်လုပ်ပါမယ်။ ဧပြီလထဲမှာတော့ အစိုးရသစ် တာဝန်ထမ်းဆောင်ပါလိမ့်မယ်။ အရင်တုန်းကလုပ်ခဲ့တဲ့ ပုံစံဇယားတွေအတိုင်းပဲ လုပ်ပါလိမ့်မယ်” ဟု အမျိူးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

အဆိုပါ ရွေးကောက်ပွဲအပိုင်း (၃) ပိုင်းလုံးအတွက် နိုင်ငံရေးပါတီ ၅၇ ခုမှ ကိုယ်စားလှယ်လောင်း ၅,၀၀၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး တစ်နိုင်ငံလုံး၌ မဲရုံ ၂၁,၀၀၀ ကျော် ဖွင့်လှစ်ထားကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.