Connect with us

Politics, Law & Military

ကရင်ပြည်နယ်၊ ဘားအံမြို့တွင်ကွင်းဆက်များဖော်ထုတ်စစ်ဆေးရာမှ ငွေကျပ် ၃၈၄၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ထပ်မံဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အားစိတ်ကြွရူးသွပ်ဆေးပြားများ နှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ--မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့)

ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ငွေကျပ် ၃၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးရာမှ ငွေကျပ် ၃၈၄၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။

မေလ ၂၃ ရက်နေ့ ၁၂း၃၀နာရီ တွင် ဘားအံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ —- စားသောက်ဆိုင်သို့ရောက်ရှိလာသူ ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာနေ အောင်မိုးဦး(ခ)အောင်မိုး(ခ)ကိုမိုး ၄၇ နှစ်အား စစ်ဆေးရှာဖွေရာ ၎င်းကိုင်ဆောင်လာသော ပလတ်စတစ်အိတ် အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၃၀၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ၎င်း၏နေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ကျန်ရှိနေသေးကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ ၁၄၁၅ အချိန်တွင် ၎င်း၏နေအိမ် အား ဆက်လက်ရှာဖွေရာ နေအိမ်တွင် ၎င်း၏ဇနီးဖြစ်သူ မဝင်းသူဇာ ၄၅ နှစ်နှင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နေ တင်အောင်ကျော် ၃၂ နှစ်၊ တောင်ကြီးမြို့၊ မြေဖြူရပ်ကွက်နေ သန်းဝင်း ၄၈ နှစ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၇)ရပ်ကွက်နေ စောကျော်ရှိ ၅၄ နှစ်တို့အား တွေ့ရှိပြီး နေအိမ်မှ ပလတ်စတစ်ကပ်ခွာ အိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ ပြားအားလည်းကောင်း၊ နေအိမ်ရှေ့ခြံဝင်းအတွင်းရှိ ခရေပင်အောက်မြေကြီးတွင် တွင်းတူးသိုဝှက်ထားသော ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွ ရူးသွပ်ဆေးပြား ၇၈၀၀၀ ပြား၊ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၁၂၈,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ကျပ် ၃၈၄၀ သိန်း)၊ လက်ကိုင်ဖုန်း ၃ လုံးနှင့် နေအိမ်ဘေးတွင်ရပ်ထားသည့် မော်တော်ယာဉ် ၁ စီးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုများဖွင့်လှစ်ပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)