Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ လက်နက်ကိုင်ဆောင်ထားသူ ၃ ဦးဖမ်းဆီးရမိမှုမှဆက်စပ်တရားခံအားဖမ်းဆီးရမိ

သက်သေခံပစ္စည်းများနှင့်အတူဖမ်းဆီးရမိသူအားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံရဲတပ်ဖွဲ့)

ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ လက်နက်ကိုင်ဆောင်ထားသူ ၃ ဦးဖမ်းဆီးရမိမှုမှ ဆက်စပ်တရားခံတစ်ဦးအားဆက်လက်ဖော်ထုတ်ခဲ့ရာသံလျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာနေအိမ်ခြံဝင်းတစ်ခုမှ Gasဖြင့် ပစ်ခတ်ရသည့် သေနတ်အရှည်(၈)လက်၊ အတို (၄) လက်နှင့် ထည့်သွင်းအသုံးပြုရသောဘောစေ့များ၊ ဒူးလေး (၁)လက်၊သေနတ်တွင် တပ်ဆင်သည့် Gasအိုးငယ် (၁၁)ခု၊ Gasဖြည့်ဗူး(၇)ဗူး၊ စနိုက်ပါမှန်ပြောင်း(၃)ခု၊ ကင်ဒိုဓါး(၁) ချောင်းထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ နိုဝင်ဘာ ၂၇ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာလ ၂၄ ရက် နေ့လည်ပိုင်းတွင် လူအုပ်စု(၂)စု ဝိုင်းဖွဲ့ခိုက်ရန်ဖြစ်ပွား မည်ဟု သတင်းရရှိသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက သတင်းရရှိသည့်နေရာတစ်ဝိုက် စောင့်ကြည့် ဆောင်ရွက်နေစဉ် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၆)ရပ်ကွက်၊ ဧရာဝဏ်လမ်းဘေးတွင် မော်တော်ယာဉ် ၁ စီးနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၆)ရပ်ကွက်နေသူများဖြစ်သည့် မြရွှေ(၆၁)နှစ်၊ မျိုးကိုကို(၂၈)နှစ်နှင့် ဖြိုးသူအောင်(၂၉)နှစ်တို့ ၃ ဦးအား မသင်္ကာဖွယ်တွေ့ရှိ စစ်ဆေးရှာဖွေခဲ့ရာ ဖြိုးသူအောင် လွယ်ထားသော လွယ်အိတ်အတွင်းမှ ၉မမ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၎င်းကျည် ၁၀ တောင့်၊ မျိုးကိုကို လွယ်ထားသော လွယ်အိတ်အတွင်းမှ ပွိုင့် ၂၂ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၎င်းကျည် ၁၂ တောင့်နှင့် ဓားဦးချွန် ၁ ချောင်းတို့အား သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးချက်အရ ၎င်းတို့ ၃ ဦးသည် လောင်းကစား ပြုလုပ်ကြသူများဖြစ်ပြီး နယ်မြေဒေသအသီးသီးသို့ လှည့်လည်၍ လောင်းကစားပြုလုပ် ကြကြောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၀)ရပ်ကွက်နေ အမျိုးသားတစ်ဦးမှ ၎င်း၏သားဖြစ်သူ အရိုက်ခံခဲ့ရသဖြင့် လာရောက်ခြိမ်းခြောက် ကြိမ်းမောင်းပြောဆိုခဲ့သည်ကို မကျေနပ်သောကြောင့် ခိုက်ရန်ပြုရန်အတွက် သေနတ်များ သိုဝှက်ယူဆောင်၍ တစ်ဖက်အဖွဲ့အားစောင့်နေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိပြီး သေနတ်ရရှိမှုအခြေအနေနှင့် ပတ်သက်၍ ကွင်းဆက်တရားခံတစ်ဦးအား ဖမ်းဆီးစိစစ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နိုဝင်ဘာ ၂၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယခုထပ်မံဖမ်းဆီးရမိသူမှာ အဆိုပါအမှု၏ ကွင်းဆက်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေး ထိန်းချုပ်ဆောင်ရွက်နေချိန်တွင် ဥပဒေမဲ့လက်နက်ကိုင်ဆောင်ခြင်းများနှင့် ပတ်သက်ဆက်နွယ်သူများကိုအချိန်မီဖော်ထုတ်ထိန်းသိမ်းလျက်ပြည်သူလူထုအတွင်းမလိုလားအပ်သည့် ပြသနာများ မဖြစ်ပေါ်စေရေးအလေးထားဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)