Connect with us

Politics, Law & Military

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ကနဦးယာဉ်မှတ်ပုံတင် ဝန်ဆောင်မှုလုပ်ငန်းများ ဒီဇင်ဘာ ၁ ရက်မှ စ၍ Online Booking စနစ်ဖြင့် ပြန်လည်လက်ခံဆောင်ရွက်မည်

ရန်ကုန်မြို့တွင် သွားလာနေသည့် မော်တော်ယာဉ်များအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်အရ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ကနဦးယာဉ်မှတ်ပုံတင်ဌာန (နေပြည်တော်၊ ရန်ကုန်-ထောက်ကြန့်၊ ရန်ကုန်-ရွာသာကြီး၊ မန္တလေး) ရုံး ၄ ရုံး၏ ကနဦးမှတ်ပုံတင် ဝန်ဆောင်မှုလုပ်ငန်းများကို ဒီဇင်ဘာလ (၁)ရက်မှ စတင်၍ ပြန်လည်လက်ခံဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မှ နိုဝင်ဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ထို့အပြင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အနေဖြင့် ကနဦးမော်တော်ယာဉ် မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်ရက်ချိန်းယူခြင်းအား ကြိုတင်စာရင်းသွင်းသည့်စနစ် (Online Booking System) သို့ ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်းသိရသည်။ ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ပြည်သူများအဆင်ပြေစေရေးနှင့် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ခြင်းဆောင်ရွက်လိုသည့် ယာဉ်ပိုင်ရှင်များသည် မိမိတို့ကနဦးမှတ်ပုံတင်လုပ်ငန်းဆောင်ရွက်လိုသည့်ရက်ကို www.rtad.gov.mm ဝက်ဘ်ဆိုက်တွင် Online Booking အားနိုဝင်ဘာလ ၂၈ ရက်မှစ၍ အနည်းဆုံး ၁ ရက် အများဆုံးရက် ၃၀ အထိကြိုတင်ရယူနိုင်ကြောင်းသိရသည်။

ရုံးဖွင့်ရက်များတွင် တစ်ရက်လျှင် နေပြည်တော်ရုံးတွင် ယာဉ်စီးရေ (၅၀)၊ ရန်ကုန်-ထောက်ကြန့် ရုံးတွင်ယာဉ်စီးရေ (၁၄၀)စီး၊ ရန်ကုန်-ရွာသာကြီးရုံးတွင် ယာဉ်စီးရေ (၅၀)စီး၊ မန္တလေးရုံးတွင် ယာဉ်စီးရေ (၈၀)စီးအား အချိန်များခွဲခြား၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ မှတ်ပုံတင်ရုံးများ ပြန်လည်ဖွင့်လှစ်ရာ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကနဦး မှတ်ပုံတင်လုပ်ငန်းများဆောင်ရွက်ရာတွင် COVID-19 ရောဂါကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန် (Version-1.0)ပါ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ရာ ယာဉ်မှတ်ပုံတင်ရန် လာရောက်မည့်သူများသည် လိုက်နာဆောင်ရွက်ရန် သတ်မှတ်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လိုက်နာဆောင်ရွက်ရမည့် သတ်မှတ်ချက်များနှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်စေရန်အတွက် Online Booking လျှောက်ထားရာ Appointment Letter ၌ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားပြီးဖြစ်သဖြင့် ၎င်းသတ်မှတ်ချက်များအား သေချာစွာဖတ်ရှုပြီး တိကျစွာ အလေးထားလိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)