Connect with us

Politics, Law & Military

အနည်းဆုံး အခကြေးငွေ ဥပဒေအား ပြင်ဆင်သည့်ဥပဒေကြမ်း လွှတ်တော်က ဆွေးနွေးရန် လက်ခံ

အမျိုးသား လွှတ်တော် ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း ထွက်ခွာလာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ)

၂၀၁၃ မတ်၂၂ ရက် တွင်ပြည်ထောင်စု လွှတ်တော်က ပြဌာန်းခဲ့ပြီး ၂၀၁၃ ဇူလိုင်၁၂ ရက် တွင် နည်းဥပဒေများထွက်ရှိကာ အသက်ဝင်ခဲ့သည့် အနည်းဆုံး အခကြေးငွေ ဥပဒေ (၂၀၁၃) ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသား လွှတ်တော် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်တွင်း ပြည်ပ အလုပ်သမား ဆိုင်ရာ ကော်မတီက အမျိုးသား လွှတ်တော် ယနေ့ အစည်းအဝေး၌ တင်သွင်းခဲ့ရာ လွှတ်တော်က လက်ခံ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

“လက်ရှိ ဥပဒေ ပုဒ်မ ၅ (ဇ)မှာ အနည်းဆုံး လုပ်ခကြေးငွေ သတ်မှတ်တာကို နှစ်နှစ်မှာ အနည်းဆုံး တစ်ကြိမ် ပြင်ဆင် သတ်မှတ်ရမယ် ဆိုတဲ့ ပြဌာန်းချက်ဟာ နှစ်နှစ် ပြည်ခါနီးတိုင်း အလုပ်သမားတွေရဲ့ လုပ်ခ လစာ တိုးမြှင့်ရလိုမှု၊ အလုပ်ရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှု သဘောအရ ခန့်မှန်း ကုန်ကျ စရိတ် တွက်ချက်ထားချက်အရ တိုးမြှင့်ပေးရန် ခက်ခဲခြင်းတွေကြောင့် လုပ်ငန်းခွင် တည်ငြိမ်မှုကို ထိခိုက် စေနိုင်ပါတယ်၊ စီးပွားရေး ပညာ သဘောအရလည်း နှစ်နှစ် တစ်ကြိမ် ပြင်ဆင်ရမယ်လို့ကြိုတင် သတ်မှတ်ထားခြင်းဟာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး၊ အလုပ်ရှင်ရော အလုပ်သမားတွေကိုသာမက အစိုးရအတွက်ပါ ဖိအားတွေ ဖြစ်စေနိုင်ပါတယ်” ဟု ၎င်းက လွှတ်တော်သို့ တင်ပြခဲ့သည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ခြင်းသည် နိုင်ငံ၏ ပကတိ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု၊ ကုန်ဈေးနှုန်း အခြေအနေ၊ လူနေမှု စရိတ် စသည်တို့ကို စဉ်ဆက်မပြတ် သုံးသပ်ပြီး ဘက်စုံ ချင့်ချိန်ကာ ပြင်ဆင် သတ်မှတ်သင့်သည့် အချိန်တွင် ပြင်ဆင်ပေးရမည် ဖြစ်ကြောင်း၊ တစ်နှစ်အတွင်း ပြင်ဆင်သင့်ပါ က ပြင်ဆင်ရမည်၊ ဆယ်နှစ်အတွင်း ပြင်ဆင်သင့်ပါက ပြင်ဆင်ရမည်ဟု မိမိတို့ ကော်မတီက မြင်ပါကြောင်း၊ လက်ရှိဥပဒေ၌ အနည်းဆုံး အခကြေငွေ သတ်မှတ်ခြင်းကို အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ကိုယ်စားလှယ်များ၏ သုံးပွင့်ဆိုင် သဘောတူညီချက်ဖြင့် သတ်မှတ်ရန် ပြဌာန်း ထားခြင်းသည် ပြည့်စုံ လောက်မှု မရှိကြောင်း၊ အမှန်အားဖြင့် စီးပွားရေး ပညာရှင်များ၊ အလုပ်သမား ရေးရာ ကျွမ်းကျင်သူများလည်း ပါဝင်သင့်ကြောင်း၊ အချို့ပြဌာန်းချက်များသည် အဓိပ္ပါယ် ဖောင်းပွ ခြင်း ၊ လက်တွေ့မဆန်ခြင်းများ ရှိနေပြီး အချို့သည် အခြား အလုပ်သမား ဥပဒေ၊ နည်းဥပဒေများတွင် ဖော်ပြသင့်သည့် ပြဌာန်းချက်များ ဖြစ်နေကြောင်း လွှတ်တော်သို့ရှင်းလင်း တင်ပြခဲ့သည်။

ထို့အပြင် ပြင်ဆင် ပြဌာန်းရသည့် အဓိက အကြောင်းရင်းမှာ အလုပ်အကိုင်အခွင့်အလမ်းများ ခိုင်မာ စေရန် စားဝတ်နေရေး အတွက် လုံလောက်သော အခကြေးငွေ ရရှိရန်သာ ဖြစ်ကြောင်း၊ လက်ရှိ ဥပဒေ အရ အနိုမ့်ဆုံး လုပ်ခ ကြေးငွေ ကို ၂၀၁၅ သြဂုတ်တွင် တစ်ရက် အလုပ်ချိန် ရှစ်နာရီ လုပ်ခ ၃၆၀၀ ကျပ် ဖြင့် တစ်ကြိမ်၊ ၂၀၁၈ မေ တွင် တစ်ရက် အလုပ်ချိန် ရှစ်နာရီ လုပ်ခ ၄,၈၀၀ ကျပ်ဖြင့် တစ်ကြိမ် ပြင်ဆင် ပြောင်းလဲ ခဲ့ကြောင်း၊ ယခု ဥပဒေကြမ်းမှာ လက်ရှိ ဥပဒေကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ် ဖြည့်စွက်ခြင်း စုစုပေါင်း ၆၃ ချက်ခန့်ရှိကြောင်းလည်း  မီဒီယာသို့ အမျိုးသား လွှတ်တော် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်တွင်း ပြည်ပ အလုပ်သမား ဆိုင်ရာ ကော်မတီ ဥက္ကဌက ဖြေကြားခဲ့ သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117