Connect with us

Politics, Law & Military

ကြားဖြတ် ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတပြီးပြည်သူ့ဆန္ဒနှင့်အညီ ပွင့်လင်းမြင်သာမှုရှိ သည့် ရွေးကောက်ပွဲဖြစ်အောင် ကျင်းပ ပေးမည်

ပုံစာ-ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဝန်ကြီးဌာနများအကြား တွေ့ဆုံညှိနှိုင်း အစည်းအဝေး ပြုလုပ်စဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ)

၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတပြီးပြည်သူ့ဆန္ဒနှင့်အညီ ပွင့်လင်းမြင်သာမှုရှိ သည့် ရွေးကောက်ပွဲဖြစ်အောင် ကျင်းပ ပေးသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ယနေ့ အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဝန်ကြီးဌာနများအကြား တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့ နေပြည်တော်၌ ပြုလုပ်ခဲ့ရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ကြားဖြတ်ရွေးကောက်ပွဲ တွင် ပြည်တွင်း/ ပြည်ပရွေးကောက် ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့များကို စောင့်ကြည့်လေ့လာခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသည့် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ ၂၀၁၅ ရွေးကောက်ပွဲ၏ အားနည်းချက်များကိုသုံးသပ်ပြီး အဆင်ပြေချောမွေ့စေရန် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ လစ်လပ်မဲဆန္ဒနယ် များရှိ ယခင်မဲရုံပြုလုပ်ခဲ့သည့် စာသင်ကျောင်းများ တွင် မဲရုံများပြုလုပ် နိုင်ရေး ပညာရေးဝန်ကြီးဌာန အနေဖြင့် ဆောင်ရွက်ပေးစေလိုကြောင်း၊ မဲရုံမှူးနှင့် မဲရုံဝန်ထမ်းအများစုကိုလည်း ပညာရေး ဝန်ကြီးဌာနမှ ဆရာ/ ဆရာမများကိုသာ ခန့်ထားဆောင်ရွက်မှာဖြစ်၍ ကြိုတင်လျာ ထား ဆောင်ရွက်ပေးစေလိုကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းကထည့်သွင်း ပြောကြားခဲ့သည်။ထို့ပြင် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းကို ယခင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၏ မဲစာရင်းအား အခြေခံပြီး Door to Door စိစစ်ကောက်ယူသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြ ရန် မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။ကြားဖြတ်ရွေးကောက် ပွဲကို ၂၀၁၇ ခုနှစ် ဧပြီလ (၁) ရက်နေ့ တွင် ကျင်းပသွားမည်ဖြစ်ပြီး လစ်လပ်မဲဆန္ဒနယ်(၁၉) နေရာဖြစ်ကြောင်း သိရသည်။(Xinhua)