Connect with us

Politics, Law & Military

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပိုမိုအောင်မြင်စေရန် တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးများ ပါဝင်ကူညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတ ပြောကြား

နိုင်ငံတော် သမ္မတ နှင့် တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးများ တွေ့ဆုံစဉ်(ဓာတ်ပုံ - Myanmar President Office)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပိုမိုအောင်မြင်စေရန် တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးများ ပါဝင်ကူညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးများနှင့်တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။ 

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၁၀)ဖွဲ့အထိ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သော်လည်း လက်မှတ် မရေးထိုးရသေးသည့် အဖွဲ့များ ကျန်ရှိနေသေးသည့် အချို့ဒေသများတွင် တိုက်ပွဲများဖြစ်နေဆဲရှိသည်ကို ဝန်ကြီးများ အသိပင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျန်နေ သေးသည့်အဖွဲ့များ NCA လက်မှတ်ရေးထိုးရေး၊ တိုက်ပွဲများရပ်တန့်ရေးတို့တွင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများအနေဖြင့် မိမိတို့သက်ဆိုင်ရာ တိုင်းရင်းသားအလိုက် မည်သို့ကူညီဆောင်ရွက်ပေးနိုင်မည်ကို စဉ်းစားသုံးသပ်ပြီး တတ်နိုင်သမျှကူညီပံ့ပိုးကြစေ လိုကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများအနေဖြင့် မိမိတို့ သက်ဆိုင်ရာ မျိုးနွယ်စုနှင့်သာမကဘဲ ပြည်ထောင်စု၏ အခြားတိုင်းရင်းသားများနှင့် အမြဲထိတွေ့ ဆက်ဆံကြရန် လိုအပ်ကြောင်း ၊  မြင်ပါများသည့်အခါ ရင်းနှီး ကျွမ်းဝင်မှု ရှိပြီး ရင်းနှီး ကျွမ်းဝင်သည်နှင့်အမျှ ယုံကြည်မှု တိုးပွားလာမည် ဖြစ်ကြောင်း၊ မိမိတို့ တိုင်းရင်းသား မျိုးနွယ်စုများနှင့် တစ်ခြားတိုင်းရင်းသားများ ထိတွေ့ဆက်ဆံမှု ပိုရရှိမည့်ကိစ္စရပ်များ၊ နားလည်မှု ပိုမိုရရှိနိုင်မည့် ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံတော် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတွင် အားလုံးပါဝင်လာရန်အတွက် တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးများ အနေဖြင့် မိမိသက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးများကို ရှင်းပြပေးစေလိုကြောင်း နိုင်ငံတော် သမ္မတက ထည့်သွင်း ပြောကြားခဲ့သည်။ထို့အတူ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ပအိုဝ်း တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နန်းစံဝင့်ခိုင်၊ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအားတီယောဟန်၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး နော်ပန်းသဥ္ဇာမျိုး နှင့် အင်း တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်တို့က ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်း နိုင်ရေးနှင့်ငြိမ်းချမ်းရေးရရှိနိုင်ရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး ၊ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်စပ်လျဉ်း၍ လိုအပ်ချက်များကို တင်ပြခဲ့ကြကြောင်း သိရသည်။ 

နိုင်ငံတော်သမ္မတက တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ရေးနှင့် ခေတ်နှင့်အညီ မြှင့်တင်နိုင်ရေးအတွက် အထူးအားပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားများအားလုံး ခွင့်တူညီတူ၊ တန်းတူညီမျှရှိစေရန်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံး ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယ သမ္မတများ ၊ ပြည်ထောင်စု ဝန်ကြီးများ နှင့် အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)