Connect with us

Politics, Law & Military

ငြိမ်းချမ်းရေး ဖြစ်စဉ်အား အပေါင်းလက္ခဏာ ဆောင်သည့် ဘက်မှ ရှေ့ရူ တက်လှမ်းရန် ရည်မှန်းထားကြောင်း မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေး ကျင်းပရေး ကော်မတီဆို

မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေး ပထမနေ့ အပြီး ကျင်းပရေး ကော်မတီမှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် (ဆင်ဟွာ)

မိုင်ဂျာယန် ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

ငြိမ်းချမ်းရေး ဖြစ်စဉ်အား အပေါင်းလက္ခဏာ ဆောင်သည့်ဘက်မှ ရှေ့ရူ တက်လှမ်း၍ ညှိနှိုင်း အဖြေရှာရန် ရည်မှန်းထားကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာ စုံညီ အစည်းအဝေး ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ခူဦးရယ်က ယနေ့ဇူလိုင် ၂၆ ရက် အစည်းအဝေး အပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“ဒီမျက်နှာစုံညီ အစည်းအဝေး ဖြစ်မြောက်ဖို့အတွက် အစိုးရနဲ့တပ်မတော်က ကျွန်တော်တို့ကို ပူးပေါင်း ဆောင်ရွက်တယ်။ကျွန်တော်တို့ကို ခွင့်ပြုတယ်။ဒီအခြေအနေကြောင့်ပဲ ကောင်းကောင်းမွန်မွန် မျက်နှာ စုံညီ အစည်းအဝေးကို ကျင်းပနိုင်တယ်လို့ပြောရင် မမှားပါဘူး။အဲဒီတော့ ကျွန်တော်တို့ဘက်ကလည်း ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ အပေါင်းလက္ခဏာ ဆောင်တဲ့ ဘက်က ရှေ့ရှုဖို့တက်လှမ်းဖို့ ညှိနှိုင်း အဖြေရှာဖို့တာစူတာပဲ ဖြစ်ပါတယ်။”ဟု ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ခူဦးရယ်က ပြောသည်။

ထို့အတူ သတင်းထုတ်ပြန်ချက် တစ်ရပ်အား ထုတ်ပြန်ခဲ့ရာတွင် အစည်းအဝေး၏ ပထမနေ့တွင် ပင်လုံ လက်စွဲ စာတမ်းကို တင်ပြခြင်း ၊ အပြန်အလှန် ဆွေးနွေးခြင်းများ ၊ ဖြည့်စွက်ချက်များနှင့် အကြံပြုချက်များကို ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

တရုတ် အစိုးရ အနေဖြင့် မြန်မာ အစိုးရသစ် ဖွဲ့စည်းစဉ်ကာလမှစ၍ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဆက်လက် ကူညီ ပံ့ပိုးသွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် မိုင်ဂျာယန်၌ ပြုလုပ်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာ စုံညီ အစည်းအဝေးသို့အထူး ဧည့်သည်တော် အဖြစ် တက်ရောက်ခဲ့သည့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ အာရှ ရေးရာ အထူး ကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်းက ပြောကြားခဲ့သည်။

“တိုင်းရင်းသားများ အားလုံး ရှေ ့ကို အတူတကွ လက်တွဲညီညီ ချီတက်ပြီးတော့ အနာဂတ် အတွက် ကောင်းရာကောင်းကြောင်း ဆွေးနွေးတဲ့ပွဲလို့သုံးသပ်ပါတယ်။အဲလိုပဲ ရှေ့ကို တစ်လှမ်း တက်နိုင်ဖို့ရာ အတွက် ကြိုးစား နေကြတဲ့ပွဲ ဖြစ်ပါတယ်။အထူးသဖြင့် ပြောမယ် ဆိုလို့ရှိရင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို ဘယ်လို အထောက်အကူ ပြုနိုင်မလဲ ဆိုတာ စုပေါင်း ဆွေးနွေးခြင်း တစ်ရပ်ဟုလည်း ပြောလို့ရပါတယ်။”ဟု အစည်းအဝေး ကျင်းပရေး ကော်မတီ အဖွဲ့ဝင် ဒေါ်စောမြရာဇာလင်း က ပြောသည်။

“ကျွန်တော်တို့ပင်လုံနဲ့ဆိုင်တဲ့ လက်စွဲ ဆန္ဒ စာတမ်းကို ဆက်လက်ပြီးတော့ စနစ်တကျ ဖြစ်အောင် ပြုစုရေး အဖွဲ့ကို ပြန်လည် ပြင်ဆင် ရေးသားဖို့သဘောထား ချမှတ်ပါတယ်။လက်စွဲ စာတမ်းကို ဒီ ၄ ရက်တာ အစည်းအဝေး မပြီးခင်မှာ ပြန်လည် သုံးသပ်ပြီး လက်စွဲ စာစောင် အဖြစ် ရယူနိုင်မယ်လို့မျှော်လင့်ပါတယ်။”ဟု ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ခူဦးရယ်က ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာ စုံညီ အစည်းအဝေးတွင် အဓိက ရည်ရွယ်ချက် ၂ ခု ဖြစ်သည့် ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပရေး အတွက် အကြို ညှိနှိုင်းရေး နှင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ နိုင်ငံရေး ဘုံ သဘောထားတို့အပေါ် အခြေခံပြီး ခေါင်းစဉ်ကြီး ၄ ခု ဖြစ်သည့် ပင်လုံ လက်စွဲ စာတမ်း ဆွေးနွေးခြင်း ၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်း ဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေများ အတွက် အခြေခံမူများ ၊ လုံခြုံရေး နှင့် ကာကွယ်ရေး ဆိုင်ရာ အခြေခံမူများ နှင့် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် ပြန်လည် သုံးသပ်ရေး တို့ကို ၄ ရက်ကြာ ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)