Connect with us

Politics, Law & Military

တပ်မတော်မှ စစ်မှုထမ်း ကလေးသူငယ် စုစုပေါင်း ၆၉၉ ဦးကို ယနေ့ အထိ နှုတ်ထွက်ခွင့် ပြုပြီး ဖြစ်

မြန်မာ့ တပ်မတော်၌ ကလေးစစ်သား စုဆောင်းမှု ပပျောက်ရေး စီမံချက်အရ ပညာပေး ပိုစတာ တစ်ခုကိုတွေ့ရစဉ် (ဓာတ်ပုံ- UNICEF)

ရန်ကုန် ၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အစိုးရက ကုလသမဂ္ဂနှင့် အတူ ပူးတွဲ လုပ်ငန်း ဆောင်ရွက်မှု စီမံချက် စတင် သဘောတူ လက်မှတ် ရေးထိုးပြီးသည့် အချိန်မှ ယနေ့အထိ သုံးနှစ်ကျော် ကာလအတွင်း စစ်မှုထမ်း ကလေးသူငယ် စုစုပေါင်း ၆၉၉ ဦးကို တပ်မတော်မှ နှုတ်ထွက်ခွင့် ပြုခဲ့ပြီး ဖြစ်ကြောင်း UNICEF ၏ ယနေ့သတင်း ထုတ်ပြန်ချက် အရ သိရသည်။

ထို့အတူ ယနေ့နိုဝင်ဘာလ ၃၀ ရက်တွင် မြန်မာနိုင်ငံ အစိုးရက တပ်မတော်တွင် အရွယ်မတိုင်မီ စစ်မှုထမ်း ဆောင်နေသည့် ကလေးသူငယ် နှင့် လူငယ် ၅၃ ဦးအား နှုတ်ထွက်ခွင့် ပြုလိုက်ပြီး ယခု နောက်ဆုံး အကြိမ် နှုတ်ထွက်ခွင့်ပြုခြင်း အပါအဝင် ၂၀၁၅ ခုနှစ်အတွင်း အရွယ်မတိုင်မီ စစ်မှုထမ်းဆောင် နေသည့် ကလေးသူငယ်ပေါင်း ၁၄၆ ဦး အထိ နှုတ်ထွက်ခွင့်ပြု ခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇွန်လတွင် ပူးတွဲ လုပ်ငန်း ဆောင်ရွက်မှု စီမံချက်(Joint Action Plan)ကို စတင် သဘောတူ လက်မှတ် ရေးထိုးခဲ့သည့် အချိန်မှစ၍ ကလေးသူငယ် စစ်မှုထမ်းများ ခေါ်ယူ စုဆောင်းမှုများကို ဗဟိုမှ ချုပ်ကိုင် ဆောင်ရွက်ခြင်း နှင့် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်နေမှုအတွက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ နောက်ဆက်တွဲ အခြေပြ စာချုပ်အား စက်တင်ဘာလတွင် လက်မှတ် ရေးထိုးခြင်း စသည့် အရေးကြီးသည့် လုပ်ဆောင်မှုများကို မြန်မာနိုင်ငံ အစိုးရ အနေဖြင့် လုပ်ကိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ထို့အတူ ၂၀၀၇ ခုနှစ်တွင် တပ်မတော် အပါအဝင် မြန်မာနိုင်ငံ၌ အစိုးရ မဟုတ်သည့် လက်နက်ကိုင် အဖွဲ့ပေါင်း ၇ ဖွဲ့ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ လက်နက်ကိုင် ပဋိပက္ခ အတွင်း ကလေးသူငယ်များ ခေါ်ယူ စုဆောင်းခြင်း နှင့် အသုံးပြုခြင်း စာရင်းတွင် ထည့်သွင်းခဲ့ပြီး ကုလသမဂ္ဂ အနေဖြင့် အသက် ၁၈ နှစ်အောက် ကလေးငယ်များ ခေါ်ယူ စုဆောင်းခြင်း နှင့် အသုံးချခြင်း တို့မှ ကာကွယ် ရပ်တန့်စေရန် လုပ်ငန်း စီမံချက်များအား လက်မှတ် ရေးထိုးဖွယ် ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၇ ဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.