Connect with us

Politics, Law & Military

တရား လွှတ်တော် ရှေ့နေ ဦးကိုနီအား ပုဂ္ဂိုလ်ရေး အရ မကျေနပ်မှုများ ဖြစ်ပေါ်လာရာမှ တဆင့် သတ်ဖြတ်ရန် ကြံစည်ဟုဆို

ဦးကိုနီ လုပ်ကြံခံရမှုအပေါ် စုံစမ်း စစ်ဆေး ဖော်ထုတ်ရမှု အခြေအနေများအား သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥပဒေ အကြံပေး ပုဂ္ဂိုလ် တရား လွှတ်တော် ရှေ့နေ ဦးကိုနီ၏ ပြောဆို လုပ်ကိုင် ဆောင်ရွက်နေမှုများအား ဆွေးနွေးခဲ့ရာတွင် ပုဂ္ဂိုလ်ရေး အရ မကျေနပ်မှုများ ဖြစ်ပေါ်လာရာမှ တဆင့် သတ်ဖြတ်ရန် ကြံစည်ခြင်း ဖြစ်နိုင်ကြောင်း ယနေ့ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

ရှေ့နေ ဦးကိုနီအား သတ်ဖြတ်ရန် ကြံစည်ရာတွင် စစ်ဆေးဖော်ထုတ်ချက်များ အရ ၂၀၁၆ ခုနှစ် ဧပြီလဆန်းခန့်တွင် တာမွေမြို့နယ်အတွင်းရှိ မော်ဒန် လက်ဖက်ရည်ဆိုင်၌ စီစဉ် ညွှန်ကြားသူများဖြစ်သည့် အောင်ဝင်းခိုင် နှင့် ဇေယျာဖြိုး တို့တွေ့ဆုံစဉ် လူမှုကွန်ရက်များတွင် တွေ့နေရသည့် ဦးကိုနီ၏ ပြောဆို လုပ်ကိုင် ဆောင်ရွက်မှုများအား ဆွေးနွေးခဲ့ကြပြီး ပုဂ္ဂိုလ်ရေး အရ မကျေနပ်မှုများ ဖြစ်ပေါ်လာရာမှ တဆင့် သတ်ဖြတ်ရန် ကြံစည်ခြင်း ဖြစ်ကြောင်း သိရသည်။

ရှေ့နေ ဦးကိုနီအား သတ်ဖြတ်မည့်သူ ရှာဖွေရာတွင် ပြစ်မှုကျူးလွန်သူ ကြည်လင်း နှင့် ပူးပေါင်း ပါဝင်သူ အောင်ဝင်းဇော်သည် ၂၀၁၆ ခုနှစ် မေလတွင် နဂါး(ခ)အောင်ကြည်လင်း အား ဆက်သွယ် စေခိုင်းခဲ့သော်လည်း အဆင်မပြေဘဲ နဂါးမှ ထွက်ပြေးတိမ်းရှောင်းသွားခဲ့ကြောင်း ၊ ဇွန်လခန့်တွင် အောင်စိုးအား တွေ့ဆုံ ခဲ့သော်လည်း နောက်ပိုင်းတွင် အဆက်အသွယ်ပြတ်သွားခဲ့ကြောင်း ၊ သြဂုတ်လခန့်တွင် ကြည်လင်း(ခ)ဖိုးထူးအား ဆက်သွယ်ညှိနှိုင်းခဲ့ကြောင်း သိရသည်။ထို့ကြောင့် ကြည်လင်း(ခ)ဖိုးထူး ၊ အောင်ဝင်းဇော် ၊ ဇေယျာဖြိုးတို့အား အရေးယူ ဆောင်ရွက်ထားရှိပြီး ထွက်ပြေး တိမ်းရှောင်နေသည့် တရားခံ အောင်ဝင်းခိုင်အား တရားစွဲ တင်ပို့ရန် စီစဉ်လျက်ရှိသည့် အပြင် ဖမ်းဆီးရမိရေး အတွက် ၎င်း၏ ဓာတ်ပုံ နှင့် အချက်အလက်များအား ပြည်တွင်း၌ ဖြန့်ေ၀ စုံစမ်း ဖော်ထုတ်လျက် ရှိသည့် အပြင် နိုင်ငံတကာ ရဲတပ်ဖွဲ့၊ အာဆီယံ ရဲတပ်ဖွဲ့သို့လည်း ပေးပို့ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ ဥပဒေ အကြံပေး ဦးကိုနီသည် ဇန်နဝါရီ ၂၉ ရက်တွင် အင်ဒိုနီးရှား နိုင်ငံ လေ့လာရေး ခရီးမှ အပြန် ရန်ကုန်လေဆိပ်သို့ရောက်ရှိစဉ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး ပြစ်မှု ကျူးလွန်သူူ ကြည်လင်းအား အခင်းဖြစ်ပွားရာ နေရာ အနီး၌ ဖမ်းဆီးနိုင်ခဲ့ပြီး ပူးပေါင်း ပါဝင်ခဲ့သည့် တရားခံ အောင်ဝင်းဇော် ကို ဇန်နဝါရီ ၃၀ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ဖေဖော်ဝါရီ ၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထို့အတူ ပြစ်မှု ကျူးလွန်ရန် ငွေပေးခိုင်းစေသူ တရားခံ အောင်ဝင်းခိုင် နှင့် ဆက်စပ် တရားခံများ ဖမ်းဆီးရမိရေးကို တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ပါဝင်သည့် ပူးပေါင်း အဖွဲ့ဖြင့် ဆက်လက် စုံစမ်း စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း နိုင်ငံတော် သမ္မတရုံးမှ ဖေဖော်ဝါရီ ၁၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥပဒေ အကြံပေး ပုဂ္ဂိုလ် တရား လွှတ်တော် ရှေ့နေ ဦးကိုနီသည် ၁၉၅၃ ခုနှစ်တွင် မွေးဖွားခဲ့သူ ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၆၃ နှစ် ရှိပြီ ဖြစ်ကာ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ ကာလမှ စတင်ကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်များအား ကွယ်လွန်ချိန် အထိ လုပ်ကိုင် ဆောင်ရွက်ခဲ့သူ တစ်ဦး ဖြစ်သည်။ (Xinhua)