Connect with us

Politics, Law & Military

အောက်မေ့ဖွယ်အခမ်းအနားလုပ်ရခြင်းမှာ ဂုဏ်ပြုခြင်းနှင့် ကျေးဇူးတင်ခြင်းအတွက် အဓိကဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ဇန်နဝါရီ ၂၉ ရက်နေ့ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ပြည်ပဆိုက်ရောက် ဂိတ်ဝအပြင်ဘက်၌ သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုဖြင့် ကွယ်လွန်ခဲ့ရသော တရားလွှတ်တော် ရှေ့နေ ဦးကိုနီ နှင့် သေနတ်သမားအား ဖမ်းဆီးရင်း ကွယ်လွန်ခဲ့ရသည့် အငှားယာဉ်မောင် ဦးနေဝင်းတို့ နှစ်ဦး အတွက် အောက်မေ့ဖွယ်အခမ်းအနားလုပ်ရခြင်းမှာ ဂုဏ်ပြုခြင်းနှင့် ကျေးဇူးတင်ခြင်း အဓိကဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားတွင် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က “ပထမဦးဆုံး သတိထားမိတာက တော့ ဦးကိုနီရဲ့ အတန်းပညာ အရည်အချင်းနဲ့ ဦးနေဝင်းရဲ့ အတန်းပညာ အရည်အချင်း ကွာပါတယ်။ ဒါပေမယ့်လည်း စိတ်ဓာတ် ကြတော့ မကွာဘူး ဆိုတာ မြင်ရပါတယ်။ ဦးကိုနီ ကိုးကွယ်တဲ့ ဘာသာနဲ့ ဦးနေဝင်း ကိုးကွယ်တဲ့ ဘာသာ ကွာပါတယ်။ သို့သော်ငြားလည်း စိတ်ဓာတ်အရ မကွာဘူးဆိုတာ တွေ့ခဲ့ရပါတယ်။ ဦးကိုနီ လုပ်နေတဲ့ အလုပ်နဲ့ ဦးနေဝင်းလုပ်နေတဲ့ အလုပ် လည်းကွာပါတယ်။ သို့သော်ငြားလည်း စိတ်ဓာတ်အရ မကွာပါဘူး။ နောက်ဆုံးကြတော့ ရဲဘော်ရဲဘက် ဆိုတဲ့ ခေါ်ရတဲ့ အကြောင်းအရင်းဟာတူညီတဲ့ စိတ်ဓာတ်တွေနဲ့ တူညီတဲ့ ယုံကြည်မှုတွေ ရှိလို့ ဖြစ်ပါတယ်’’ ဟုပြောသည်။

တရားလွှတ်တော်ရှေ့နေဦးကိုနီသည် ဥပဒေ ပညာရှင်တစ်ယောက် ဖြစ်ပြီး ဦးကိုနီ၏ အဓိက စိတ်ဝင်စားမှုသည် ဥပဒေဖြစ်ကြောင်း၊ အထူးပြုပြီးစိတ်ဝင်စားမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကပဲ “နိုင်ငံတစ်နိုင်ငံရဲ့ ကျောရိုးဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါပဲ။ နိုင်ငံရေးစနစ်တစ်ခုရဲ့ ကျောရိုးဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါပဲ။ ဒါကို ဦးကိုနီက လုံးဝဥဿုံ သဘောပေါက်တယ်။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ဦးကိုနီ အထူးစိတ်ဝင်စားတဲ့ ပညာရပ်ပဲ ဖြစ်တယ်။’’ ဟုပြောကြားခဲ့သည်။

အောက်မေ့ဖွယ်အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်မှ အောက်မေ့ဖွယ်စကားပြောကြားနေစဉ် (ဆင်ဟွာ)

ကျန်ရစ်သူမိသားစုဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

ဦးကိုနီသည် ဥပဒေရေးရာ ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ နှင့် ဒီမိုကရေစီရေးဆိုင်ရာ စာအုပ်များ၊ ဆောင်းပါးများကို ရေးသားခဲ့ကြောင်း သိရသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် ဥပဒေအကြံပေးတစ်ဦး ဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့တွင်လည်း အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ဦးကိုနီသည် လုပ်ကြံခံရပြီး ကွယ်လွန်ချိန်တွင် ဇနီး နှင့် သားသမီး ၃ ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က “ဦးကိုနီကို ကျမတို့ရဲ့ ရဲဘော်ရဲဘက်အနေနဲ့ရော အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ရော၊ ဥပဒေပညာရှင်တစ်ယောက်အနေနဲ့ရော အင်မတန်မှ လေးစားတယ် အင်မတန်မှ တန်ဖိုးထားတယ်။ ဒီလိုပုဂ္ဂိုလ်တွေများများ ရှိတာ ကျမတို့နိုင်ငံမှာ ကိုယ်လုပ်ချင်တဲ့ကိစ္စကို တရားဥပဒေဘောင်အတွင်းကလုပ်တယ်ဆိုတဲ့ အစဉ်အလာဟာ ခိုင်မြဲသွားမှာဖြစ်ပါတယ်’’ ဟုအခမ်းအနားတွင် ပြောကြားခဲ့သည်။

ကမ္ဘာပေါ်တွင် တရားသောဥပဒေများ ရှိသလို မတရားသောဥပဒေများလည်း ရှိကြောင်း၊ မတရားသည့် ဥပဒေ များအား ပြုပြင်၍ တရားသည့် ဥပဒေများကို လက်ခံမည်ဟု အခြေခံသဘောတရားအရ တရားဥပဒေစိုးမိုးရေးဟူ၍ သုံးသပ်ထားကြောင်း၊ ဥပဒေဆိုသည်မှာ ဥပဒေ ပြုပိုင်ခွင့်ရှိသည့် ပုဂ္ဂိုလ်တိုင်း ဥပဒေပြု၍ ရကြောင်း၊ ထို့ကြောင့် တရားသည့် ဥပဒေ ဖြစ်နိုင်သလို မတရားသည့် ဥပဒေလည်း ဖြစ်နိုင်ကြောင်း၊ ဒီမိုကရေစီတွင် ကျွန်မတို့ ပြည်သူလူထုသည် ဥပဒေများအား အပြည့်အဝသုံးသပ်၍ ပြင်သင့်လျှင် ပြင်နိုင်သည့် အရည်အချင်းရှိမှသာ ပြည့်ဝသည့် ဒီမိုကရေစီစနစ် ဖြစ်သည်ဟု သုံးသပ်ရကြောင်း၊ ဒီမိုကရေစီသည် ဥပဒေ နှင့် စခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့ပြင် “ဦးနေဝင်းအတွက် ပထမဆုံး အရေးအကြီးဆုံးက စိတ်ဓာတ်၊ ဒီလိုစိတ်ဓာတ် ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေမှာ ရှိတယ်ဆိုတာ ကျွန်မတို့ အားလုံးအတွက် ဂုဏ်ယူစရာဖြစ်တယ်။ ကျွန်မတို့နိုင်ငံမှာ ဒီလိုလူတွေရှိတယ်ဆိုတာ ဂုဏ်ယူစရာ ဖြစ်တယ်။ အဲ့လို ဂုဏ်ယူစရာဖြစ်တယ်ဆိုတော့ ကျွန်မတို့ လူငယ်တွေရဲ့ နောင်လာနောင်သား ကောင်းတဲ့ ဥပမာ ဖြစ်တယ်။ ပြောရမယ်ဆိုရင် ဦးနေဝင်းဟာ ကောင်းတဲ့ အမွေကို နိုင်ငံကို ပေးသွားတယ်လို့ ပြောလို့ ရပါတယ်’’ ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

သာမန်နိုင်ငံသူ နိုင်ငံသားတစ်ယောက်၏ တာဝန်သိတတ်မှုသည် ရာထူး၊ သြဇာအာဏာ ရှိသူများ၏ တာဝန်သိတတ်မှုထက် တန်ဖိုးပိုမိုရှိကြောင်း၊ တာဝန်သိတတ်မှုအား အရင်းခံ၍ စိတ်ထဲမှ လုပ်သည့်ကိစ္စဖြစ်ကြောင်း၊ ရာထူးရှိသည့် သူသည် တာဝန်ရှိသည့်အတွက် လုပ်ရမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူအား ထိုတာဝန်အတွက် လစာပေးထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဦးနေဝင်းအား မည်သူမှ လခပေးထားခြင်းမျိုးမရှိဘဲ အများအကျိုးသည် ကိုယ်နှင့် လည်းဆိုင်သည်ဆိုသည့် စိတ်ဓာတ် နှင့် လုပ်ခဲ့သဖြင့် ဦးနေဝင်းအား များစွာဂုဏ်ယူကြောင်း၊ ဦးနေဝင်း လုပ်ပေး၍ တရားခံမိသွားသည့် အတွက် အရမ်းလေးစားမိကြောင်း ဆိုသည်။

ဦးနေဝင်းသည် ဦးကိုနီအား အနီးကပ်လုပ်ကြံခဲ့သည့် သေနတ်သမား၏ ပစ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးခဲ့ရချိန်တွင် အသက် ၄၈ နှစ်ရှိပြီဖြစ်သည်။ဦးနေဝင်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် အငှားယာဉ်မောင်းအဖြစ် အသက်မွေးဝမ်းကြောင်းပြုသူဖြစ်သည်။ မင်္ဂလာဒုံမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပါတီဝင် တစ်ဦးဖြစ်ပြီး နိုင်ငံရေး၊ လူမှုရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သူတစ်ဦး ဖြစ်ကြောင်း၊ သေနတ်သမား၏ ပစ်ခတ်မှုကြောင့် ကွယ်လွန်ချိန်တွင် ဇနီး နှင့် သားသမီးလေးဦး ကျန်ရှိခဲ့ကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေဦးကိုနီ နှင့်အငှားယာဉ်မောင်းဦးနေဝင်းတို့အတွက်အောက်မေ့ဖွယ်အခမ်းအနားအား ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် တော်ဝင်နှင်းဆီခန်းမ ၌ ကျင်းပခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.