Connect with us

Politics, Law & Military

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး မိုင်ဂျာယန်၌ စတင် ကျင်းပ

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးအား ဇူလိုင် ၂၆ ရက်တွင်မိုင်ဂျာယန်၌ကျင်းပနေစဉ် (ဆင်ဟွာ)

မိုင်ဂျာယန် ၊ ဇူလိုင် ၂၆ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ် ၊ မိုင်ဂျာယန်၌ ကျင်းပ ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးအား ယနေ့ ဇူလိုင်လ ၂၆ ရက်တွင် စတင်ခဲ့ရာ တိုင်းရင်းသား အဖွဲ့ ၁၇ ဖွဲ့နှင့် အတူ ကုလသမဂ္ဂ ၊ တရုတ်နိုင်ငံတို့မှ အထူး ကိုယ်စားလှယ်များ ၊ လေ့လာသူများ ပါဝင် တက်ရောက်ခဲ့ကြသည်။

အစည်းအဝေး သဘာပတိ ဖြစ်သူ ဗိုလ်ချုပ်ကြီး အင်ဘန်လက ယခု အစည်းအဝေးသည် တိုင်းရင်းသားများ အတွက် လွန်စွာ အရေးကြီးကြောင်း ၊ နိုင်ငံရေး ပြဿနာများအား ဖြေရှင်းရေး စုံညီ စည်းဝေးရခြင်း ဖြစ်ကြောင်း အဖွင့် အမှာစကား ပြောကြားခဲ့သည်။

ထိုအတူ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ခူဦးရယ်က ယခု အစည်းအဝေးသည် ၂၁ ရာစု ပင်လုံ ညီလာခံ အကြို ညှိနှိုင်း ရခြင်း ဖြစ်ကြောင်း ၊ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ခြင်း ဘုံရပ်တည်ချက် ရယူရေး ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေးသို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၇ ဖွဲ့ အပါအဝင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီး ယား ၊ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ၏ အာရှ ရှေးရာ အထူး ကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်း တို့ တက်ရောက် လေ့လာခဲ့သည့် အပြင် တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)၊ ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF)၊ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) တို့လည်း တက်ရောက်ခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင်လ ၂၆ ရက်မှ ဇူလိုင်လ ၂၉ ရက် အထိ ၄ ရက်ကြာ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ အကြို ပြင်ဆင်ရေး လုပ်ငန်းများတွင် လက်မှတ် ရေးထိုးထားခြင်း မရှိသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ထပ်တိုး ပါဝင်နိုင်ရေးကို မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေးတွင် အောင်မြင်စွာ ဆွေးနွေးညှိနှိုင်းနိုင်ပြီး NCA ကို အခြေခံ၍ ပေါ်ပေါက်လာသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး စုံညီစွာ တက်ရောက်နိုင်စေမည့် ရလဒ်ကောင်းများ ဆောင်ကြဉ်း နိုင်မည်ဟု မျှော်လင့်ပါကြောင်း ငြိမ်းချမ်းရေး ကော်မရှင်က ကြေညာချက် ထုတ်ပြန်ထားသည်။

မိုင်ဂျာယန် မျက်နှာစုံညီအစည်းဝေးသို့ တိုင်းရင်းသားလက်နက်ကိုင် လေးဖွဲ့ဖြစ်သည့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) နှင့် မြန်မာနိုင်ငံအမျိုးသားဒီမိုကရက်တစ်တပ်မတော်(MNDAA) တို့တက်ရောက်ခဲ့ခြင်းမရှိကြောင်းသိရသည်။ (Xinhua)