Connect with us

Politics, Law & Military

ရေအားလျှပ်စစ်အပါအဝင် ဘက်စုံရသည့် မဏိပူရ်စီမံကိန်းကို ဆက်လက်ဆောင်ရွက်မည်

ပြည်ထောင်စု လွှတ်တော်မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ကမ္ဘားနီ တံတား အထက်ဘက် မဏိပူရ်မြစ်ပေါ်ရှိ မဏိပူရ် ရေလှောင်တမံ စီမံကိန်းသည် လျှပ်စစ်ဓာတ်အား ၃၈၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ပြီး စိုက်ဧက ငါးသောင်းကိုပါ တစ်နှစ်ပတ်လုံး ရေပေးနိုင်မည့် ဘက်စုံရ စီမံကိန်းဖြစ်သည်။

ထိုစီမံကိန်းကို ၂၀၁၂ ခုနှစ်က စတင်တည်ဆောက်ခဲ့ရာ ကျပ် ၁၇ ဘီလျံ ကျော်ကုန်ကျပြီးနောက်ပိုင်း ခေတ္တ ရပ်နားထားခဲ့ပြီး ယခု ဆက်လက် တည်ဆောက်သွားမည်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ယနေ့ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။
“ယခင် နိုင်ငံတော် သမ္မတ၏ စစ်ကိုင်းတိုင်းဒေသကြီး ရေကြီးမှုဖြစ်စဉ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် မဏိပူရ် စီမံကိန်း၏ တာတမံ တည်ဆောက်မှုကို လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆောင်ရွက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအပိုင်းကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ဆောင်ရွက်ရန် ညွှန်ကြားခဲ့သဖြင့် စိန်အင်တာပရိုက်စ် ကုမ္ပဏီ၊ China Harbour Engineering Co., Ltd. ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်း ဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနတို့ညှိနှိုင်း ဆွေးနွေးပြီး ဆက်လက် ဆောင်ရွက်သွားပါမယ်” ဟု ပြည်ထောင်စု ဝန်ကြီး ဦးဖေဇင်ထွန်းက ပြောသည်။

ရေလှောင်တမံ အလျား ၂၄၄၄ ပေ၊ အမြင့် ၅၂၇ ပေ ရှိပြီး ရေထုထည် ဧကပေ ၁ ၂၆၀ ၀၀၀ သိုလှောင်နိုင်သည့် အဆိုပါ မဏိပူရ် ရေအားလျှပ်စစ် စီမံကိန်းသည် ထုထည်ပမာဏ ာကြီးမားခြင်းကြောင့် ဒေသခံ ပြည်သူများ စိုးရိမ်စိတ်ရှိနေကြသည်။ တစ်ဘက်ကလည်း စိုက်ဧက ငါးသောင်းကို ရေ တစ်နှစ်ပတ်လုံး ပေးနိုင်ပြီး လျှပ်စစ်ဓာတ်အား ၃၈၀မဂ္ဂါဝပ်ကို ထုတ်ပေးနိုင်မည်ဖြစ်ရာ ထိုစီမံကိန်းကို ပြည်သူလူထုအကြား ပွင့်လင်း မြင်သာစွာ ချပြပြီး ဆောင်ရွက်သွားမည်လား ဟူ၍ ကလေးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမူ ခေါ် ဒေါ် ရှားမီး၏ အမေးကို ပြည်ထောင်စု ဝန်ကြီးက ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လောလောဆယ်၌ ထိုစီမံကိန်း ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာ ထပ်မံ တင်ပြရန် စိန်အင်တာပရိုက်စ် ကုမ္ပဏီ၊ China Harbour Engineering Co., Ltd. တို့အား တောင်းဆိုထားသည့် အနေအထားသို့ရောက်နေပြီး အစီရင်ခံစာ ရလာသည့်အခါ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့ ဆက်လက် တင်ပြ အတည်ပြုချက်ရယူကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းပြီး ပြည်သူလူထု ထံသို့ ပွင့်လင်း မြင်သာစွာ ချပြဆွေးနွေးဆောင်ရွက်သွားမည်ဟုလည်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။

မဏိပူရ် ဘက်စုံစီမံကိန်းကို ယခင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ၂၀၀၄-၂၀၀၅ ခုနှစ်မှ ၂၀၁၂- ၂၀၁၃ ခုနှစ်အထိ ဆောင်ရွက်ခဲ့ရာ အကြိုတည်ဆောက်မှုလုပ်ငန်း၊ တာတမံ တည်ဆောက်မှု လုပ်ငန်း၊ ရေလွှဲ ဥမင်လှိုဏ် လုပ်ငန်း၊ ရေပိုလွှဲ လုပ်ငန်းများအတွက် နိုင်ငံတော် ရန်ပုံငွေမှ ကျပ်သန်း ၁၇၅၀၈ . ၂၉၁ ကျခံ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

ထို့နောက် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ဆောင်ရွက်ရမည့် လျှပ်စစ်ထုတ်ယူရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ရေယူဥမင်လိုဏ် အမှတ် (၁)၊ အမှတ်(၂) တို့၏ အဝင်ပိုင်း၊ အထွက်ပိုင်း၊ အပေါ်ယံ မြေသား၊ ကျောက်သား တူးဖော်ခြင်းလုပ်ငန်း၊ ရေထိန်းတံခါး ပြွန် အမှတ် (၁)၊ အမှတ် (၂) တို့တို့တွင် အပေါ်ယံ မြေသား တူးဖော်ခြင်း လုပ်ငန်း၊ ဖိအားမြင့် သံမဏိပိုက်လိုင်း အပေါ်ယံ မြေသား တူးဖော်ခြင်း လုပ်ငန်း နှင့် ကျောက်ထုတ် ဧရိယာပမာဏ စူးစမ်း လေ့လာခြင်း လုပ်ငန်းများကိုသာ ဆောင်ရွက် ပြီးစီးခဲ့ကြောင်းလည်း ဝန်ကြီးက လွှတ်တော်သို့ ရှင်းပြသည်။

ထိုသို့ဆောင်ရွက်ပြီးသည့် နောက်ပိုင်း စီမံကိန်းကို JV- BOT စနစ်ဖြင့် ဆက်လက် ဆောင်ရွက်ရန် ဝန်ကြီးဌာနသည် ပြည်တွင်း တိုင်းရင်းသား ကုမ္ပဏီဖြစ်သည့် MEGA Resources Co., Ltd. နှင့် ကိုရီးယား သမ္မတနိုင်ငံ HANSHIN Engerring @ Construction Co., Ltd. တို့နှင့် ၂၀၁၄ စက်တင်ဘာလ ၁၈ ရက်တွင် MOU ရေးထိုးဆောင်ရွက်ခဲ့သည်။ ထို MOU အရ စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာ (FSR) တင်ပြခြင်းမရှိသေးမီ ကိုရီးယားကုမ္ပဏီသည် စီမံကိန်း တည်ဆောက်ရမည့် အခြေအနေများကို လေ့လာခဲ့ပြီးနောက် ရင်းနှီးမြှုပ်နှံရန် အခက်အခဲ ရှိသည်ဟု တင်ပြကာ MOU ကို ပယ်ဖျက်ပြီး နောက်ဆုတ်ခဲ့သည်ဟု ဝန်ကြီးက လွှတ်တော်သို့ရှင်းပြသည်။

ထို့နောက်မှ ဝန်ကြီးဌာနသည် စိန်အင်တာပရိုက်စ် ကုမ္ပဏီ၊ China Harbour Engineering Co., Ltd. တို့နှင့် MOU ရေးထိုးကာ ယခုကဲ့သို့ဆောင်ရွက်နိုင်ရန် စီစဉ်ခဲ့ရခြင်းဖြစ်သည် ဆို၏။ စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာကို တင်ပြရန် MOU အရ ၂၄ လ အချိန်ပေးခဲ့ပြီး ၂၀၁၅ စက်တင်ဘာ ၁၈ ရက်တွင် ပထမ အစီရင်ခံစာ တင်ပြလာခဲ့သော်လည်း လိုအပ်ချက်များ ဖြည့်စွက်ရန် ရှိနေသောကြောင့် ပြည့်စုံသည့် အစီရင်ခံစာ ထပ်မံ တင်ပြရန် အကြောင်းကြားထားပြီး ဖြစ်သည်ဟု ဝန်ကြီးက ပြောသည်။ သို့ရာတွင် မည်သည့် အချိန်တွင် နောက်ဆုံးထား တင်ပြရမည်ကိုမူ ၎င်းက မပြောကြားခဲ့ပေ။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117