Connect with us

Politics, Law & Military

နိုင်ငံတော်၏ လိုငွေအား ဖြည့်ဆည်းရန် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ ထံမှ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ရယူရေး လွှတ်တော် အတည်ပြု

ပြည်ထောင်စု လွှတ်တော် နာယက ကြွရောက်လာစဉ်

နေပြည်တော်၊ မေ ၂၆ ရက်(ဆင်ဟွာ)

နိုင်ငံတော် သမ္မတထံက ပေးပို့ထားသော ၂၀၁၉ – ၂၀ ဘဏ္ဍာနှစ် နိုင်ငံတော်၏ လိုငွေအား ဖြည့်ဆည်းရန် အပြည်ပြည် ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့(IMF) ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရယူရေး နှင့် စပ်လျဉ်းပြီး ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးက ကန့်ကွက်သူ မရှိ အတည်ပြုခဲ့သည်။

အဆိုပါ ကိစ္စအား ၂၀၂၀ ပြည့်နှစ် မေ ၂၂ ရက်က ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ လွှတ်တော် ကိုယ်စားလှယ် ၁၁ ဦးတို့က ထောက်ခံ အကြံပြု ဆွေးနွေးခဲ့ကြသည့် အချက်များကို ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေး၌ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဌ တို့က ပြန်လည် ရှင်းလင်း ဖြေကြားအပြီးတွင် လွှတ်တော်က ချေးငွေရယူမှုကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက “နိုင်ငံတော်ဟာ နှစ်စဉ် လိုငွေပြနေတဲ့ ဘတ်ဂျက် စနစ်နဲ့သွားနေတာ ဖြစ်ပြီး လိုငွေ ဖြည့်ဆည်းရာမှာ အစိုးရ ငွေတိုက်စာချုပ်တွေကို အပေါင်ထားပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ငွေရယူ ဖြည့်ဆည်းရတာ ဖြစ်ပါတယ်၊ နိုင်ငံတော် ဗဟိုဘဏ်မှ ငွေချေးယူရတဲ့အတွက် ပေးရတဲ့ အတိုးနှုန်းဟာ အရင်နှစ်က ၆ ရာခိုင်နှုန်းကနေ ၈ ဒသမ ၁ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်၊ ဒီနှစ်မှာတော့ COVID-19 ကပ်ရောဂါ ကြောင့် မူလ လျာထားချက်မှာ မပါတဲ့ အသုံးစရိတ်တွေ များလာခြင်း၊ တစ်ဘက်က ရငွေများ လျော့နည်းလာမှု အခြေအနေများ ရှိလာခြင်းတို့ကြောင့် နိုင်ငံတော်ရဲ့ လိုငွေ မြင့်တက်မယ်လို့ ခန့်မှန်းထားရပါတယ်၊ အဲဒီ လိုငွေကို IMF ချေးငွေဖြင့် ဖြည့်ဆည်းနိုင်ပါက အတိုးနှုန်း ၁ ရာခိုင် နှုန်းတောင် မရှိသဖြင့် များစွာ သက်သာခြင်း၊ ချေးငွေ သက်တမ်းကာလ ရှည်ကြာသဖြင့် ကျေးဇူးများခြင်း၊ အမေရိကန်ဒေါ်လာ ရရှိပြီး နိုင်ငံခြား သုံးငွေ စီးဝင်လာမှု ကောင်းမွန်ခြင်း စတဲ့ အကျိုးဖြစ်ထွန်းမှုတွေ ရှိပါတယ်” ဟု ရှင်းလင်း ဖြေကြားခဲ့သည်။

၂၀၁၉ – ၂၀ ဘဏ္ဍာနှစ်အတွက် လိုငွေ ဖြည့်ဆည်းရန် လျာထားချက်မှာ ကျပ် ၆,၅၅၅ ဘီလီယံ ရှိပြီး ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်တွင်  နိုင်ငံတော်၏ လိုငွေအား ကျပ် ၂,၉၅၅ ဒသမ ၇၄၀ ဘီလီယံ ဖြည့်ဆည်းခဲ့ရကြောင်းလည်း ဒုတိယ ဝန်ကြီးက ပြောကြားခဲ့သည်။ ထို့အပြင် ယခု IMF ချေးငွေသည် Program Loan ဖြစ်ပြီး အခြား စီမံကိန်း ချေးငွေများကဲ့သို့ စီမံကိန်း တစ်ခု၊ ကဏ္ဍ တစ်ခုအတွက်သာ သုံးမည့် ချေးငွေ မဟုတ်ကြောင်း၊ ၂၀၁၉ – ၂၀ တွင် COVID-19 ဂယက် ကြောင့် မူလ လျာထားချက်တွင် မပါဝင်သည့် အသုံးစရိတ်များ သုံးစွဲရခြင်း၊ စီးပွားရေး နာလန်   ထူနိုင်ရန် လိုအပ်သော မူဝါဒဆိုင်ရာ အသုံးစရိတ်များ သုံးစွဲရခြင်း၊ ရငွေများ လျော့နည်းနိုင်မှု အလားအလာများ- ဥပမာ ကမ္ဘာ့လှည့် ခရီးသည်များ လျော့ကျခြင်း၊ လေကြောင်းခရီးစဉ်များ လျော့ကျခြင်း၊ စက်ရုံအလုပ်ရုံများ ရပ်ဆိုင်းထားရ၍ ကုန်ထုတ်စွမ်းအား ကျဆင်းခြင်း၊ ကမ္ဘာ့ စီးပွားရေး အခြေအနေအရ အိတ်စပို့တ် ကုန်စည်များ ဝယ်လိုအား ကျဆင်းခြင်း၊ ပြည်ပမှ ပြန်လည် လွှဲပို့ငွေများ ကျဆင်းခြင်း၊ ကမ္ဘာ့ဈေးနှုန်းကျဆင်းမှုအရ သဘာ၀ ဓာတ်ငွေ့ရောင်းရငွေ များ ကျဆင်းခြင်း၊ ပုံမှန်ရနေကျ လိုင်စင်ခ၊ ငှားယမ်းခ၊ ကြိုတင်ခွန် ကင်းလွတ်ခွင့် ပေးရမှုများ ရှိခြင်း၊ COVID-19 ကြောင့် ထိခိုက်ခံရသော အခြေခံ လက်လုပ်လက်စား  ပြည်သူများအား ထောက်ပံ့ရခြင်း၊ အရန် ရိက္ခာ၊ အရန်ဆန်၊ အရန်ဆီ စုဆောင်းရခြင်း၊ စသည့် မူလ ဘတ်ဂျက် လျာထားချက် တွင် မပါဝင်သော ကိစ္စများကြောင့် လာမည့် ၂၀၂၀ – ၂၁ ဘဏ္ဍာနှစ်တွင် GDP တိုးတက်မှုနှုန်း သည် ၂ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ပြီး ဘတ်ဂျက် လိုငွေမှာ ကျပ် ဘီလီယံ ၂,၀၀၀ မှ ၃,၀၀၀ အထိ ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ COVID-19 ကြောင့် ထိခိုက်မှုများအား ကုစားရာ တွင် COVID-19 Fund ကျပ် ဘီလီယံ ၁၀၀ ထဲမှ CMP ၊ ဟိုတယ်ခရီး၊ SMEs လုပ်ငန်းများသို့ အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ကာလ တစ်နှစ်ဖြင့် ငွေထုတ်ချေးလျက်ရှိရာ ယခု စတုတ္ထ အသုတ်သို့ ရောက်ရှိလာပြီး လုပ်ငန်းပေါင်း ၇၂၆ ခုသို့ ချေးငွေ ကျပ် ၂၈ ဘီလီယံကျော် ထုတ်ချေးပြီး ဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)