Connect with us

Politics, Law & Military

ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် ၄၇ ဦးအမည်စာရင်း ထုတ်ပြန်

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်မြို့ရှိ မဲရုံတစ်ခု၌ ဆန္ဒမဲများ ရေတွက်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)၏ လွှတ်တော်အသီးသီးအတွက် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းများအား ယနေ့ နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းအချိန်ထိ အတည်ပြု ထုတ်ပြန်ကြေညာမှုအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက ကိုယ်စားလှယ် ၄၄ ဦး နှင့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က ၃ ဦး အသီးသီး အနိုင်ရရှိထားကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီသည် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၁၂ ဦး ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၈ ဦး ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၂၄ ဦး စုစုပေါင်း ၄၄ ဦး အနိုင်ရရှိထားကြောင်း UEC ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်း ၃၁၁ ဦး ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်း ၁၆၀ ဦး ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်း ၆၀၆ ဦး နှင့် တိုင်းရင်းသားလူမျိုးများ မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်း ၂၉ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်းဦးရေ ၁၁၀၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း ပါတီထံမှ သိရသည်။

USDP ပါတီသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်း ၃၁၀ ဦး ၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်း ၁၅၈ ဦး ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်း ၅၉၇ ဦး နှင့် တိုင်းရင်းသားလူမျိုးများ မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်း ၂၄ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်းဦးရေ ၁၀၈၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း ပါတီထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လစ်လပ်မဲဆန္ဒနယ် စုစုပေါင်း ၁၁၁၇ နယ် ရှိသည့်အနက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၆၀ ဦး အပါအဝင် နိုင်ငံရေးပါတီ ၈၇ ခု မှ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅,၆၃၉ ဦးပါဝင်ယှဉ်ပြိုင်ကြခဲ့ပြီး ဆန္ဒမဲပေးခွင့် ရှိသူ မဲဆန္ဒရှင် ၃၇ သန်းကျော် ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117