Connect with us

Politics, Law & Military

ဖွင့်လှစ်ထားသော ငြိမ်းချမ်းရေးတံခါးမှ ဂုဏ်သိက္ခာ ရှိရှိ ယုံကြည်မှု ရှိရှိဖြင့် လျှောက်လှမ်းလာရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြောကြား

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖွင့် မိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ)

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်က ဖွင့်လှစ်ထားသော ငြိမ်းချမ်း ရေး တံခါးမှ ဂုဏ်သိက္ခာ ရှိရှိ ယုံကြည်မှု ရှိရှိဖြင့် လျှောက်လှမ်းလာကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နေပြည်တော် NRPC တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA:_ Nationwide Ceasefire Agreement) အကောင်  အထည်ဖော်မှုဆိုင်ရာ (၈) ကြိမ်မြောက် JICM(Joint Implementation and Coordination Committee Meeting) အစည်းအဝေးအဖွင့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“နှစ်ပေါင်း ၇၀ ကျော် ကြာရှည်ခဲ့တဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေကို နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေး အဖြေရှာခြင်းသည်သာ လက်တွေ့ကြပြီး ထိရောက်နိုင်တယ် ဆိုတာ သင်ခန်းစာရရှိကြပြီး ဖြစ်ပါတယ်၊ မမျှော်လင့်ဘဲ လက်နက်ကိုင်ပဋိပက္ခတွေ များလာတဲ့ ကိစ္စနဲ့ပတ်သက်လို့လည်း ကျွန်မ တို့အနေနဲ့ အသိပေးချင်ပါတယ်၊ လက်နက်ကိုင်ပြီး အားသာချက်ယူတာမျိုး၊ ဖြေရှင်းချက် အသစ် တွေကို စိတ်ကူးယဉ်တာမျိုးတွေဟာ ကျွန်မတို့နိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းလို့ မရပါဘူး” ဟုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောခဲ့သည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းအမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

(၈)ကြိမ်မြောက် JICM အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးကြစဉ် (ဆင်ဟွာ)

အစိုးရ၊ လွှတ်တော်၊ တပ်မတော် ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ် များသည် တစ်နှစ်ကျော်ကာလအတွင်းမှာ အလွတ်သဘော အကြိမ်ပေါင်း များစွာ တွေ့ဆုံခဲ့ကြပြီး နှစ်ဦးနှစ်ဘက် ပြေလည်အောင် ဆွေးနွေး ညှိနှိုင်း ငြင်းခုံခဲ့ကြရကြောင်း၊ ထိုသို့သော ကြိုးပမ်းချက်များ ကြောင့်ယနေ့ JICM အစည်းအဝေးကို ကျင်းပနိုင်ခြင်းဖြစ်ကြောင်း၊ ပါဝင်ကြိုးပမ်းခဲ့ကြသူတွေ အားလုံး အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် တန်ဖိုးထားပြီး စိတ်ရင်းစေတနာ အပြည့်အဝဖြင့် ဆောင်ရွက်ခဲ့ကြခြင်းအပေါ် မိမိ တန်ဖိုးထားကြောင်း၊ ကျေးဇူးလည်း တင်ရှိပါကြောင်း၊ ယနေ့ JICM အစည်းအဝေးသည် နိုင်ငံတကာ နှစ်သစ်ကူးကာလတွင် စတင်ကျင်းပခြင်းဖြစ်သောကြောင့် မင်္ဂလာ ဖြစ်သည်ဟု မှတ်ယူနိုင်ကြောင်း၊ နှစ်သစ်ကူးကာလတွင် နှစ်ဟောင်းကို ပြန်ပြောင်း သုံးသပ်ပြီး ရည်မှန်းချက် အသစ်များ၊ စိတ်ကူးအသစ်များ၊ သန္နိဌာန်အသစ်များကို ချမှတ်ကြလေ့ရှိသည့်အတိုင်း JICM အစည်းအဝေးမှ တစ်ဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကို မဖြစ်မနေ ကျင်းပကြဖို့ သဘောတူညီကြရမှာ ဖြစ်ကြောင်း၊ ၂၁ ရာစု ပင်လုံညီလာခံမှာ ချုပ်ဆိုမည့် ပြည်ထောင် စု သဘောတူစာချုပ် ပုံစံကို ယနေ့ အစည်းအဝေးက ချမှတ်ပေးမည် ဖြစ်ကြောင်း၊ ထို့အပြင် ၂၀၂၀ အလွန် နောင် အစိုးရလက်ထက်တွင် ဆက်လက် ဖော်ဆောင်နိုင်မည့် ဦးစားပေး လုပ်ငန်းစဉ်များကို ညှိနှိုင်း ဆွေးနွေးကြဖို့လည်း ယနေ့အစည်းအဝေးမှာ သဘောတူညီကြရမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်အတွက် အရေးကြီးသည့် သဘောတူညီချက်များကို ယခု နှစ်ဆန်း အစည်းအဝေးက ချမှတ်မည်ဖြစ်သောကြောင့် လာခြင်းကောင်းသည့် အစည်းအဝေး ဖြစ်ပြီး ငြိမ်းချမ်းရေး သန္နိဌာန် အသစ်များ၊ ခွန်အား အသစ်များကို ဆောင်ကြဉ်းပေးသည့် အစည်းအဝေး ဖြစ်ပါကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လည်းကောင်း၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများ ကိုယ်စား သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က လည်းကောင်း အဖွင့်အမှာစကားများ ဆက်လက် ပြောကြားခဲ့ကြပြီး JICM အစည်း အဝေးကို ဆက်လက် ကျင်းပခဲ့ကြသည်။ (Xinhua)