Connect with us

Politics, Law & Military

မန္တလေးတိုင်းဒေသကြီးအတွင်း ကျပ်သိန်း ၇,၉၀၀ကျော် တန်ဖိုးရှိ ဘိန်းဖြူများ သယ်ဆောင်သူများအား ပစ်ခတ်ဖမ်းဆီး

မန္တလေးတိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့် တရားခံများအား တွေ့ရစဉ် (ဓာတ်ပုံ-CCDAC)

ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) 

စက်တင်ဘာ ၁၃ ရက် နံနက် ၅ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့အဝင်၌ တရားမဝင်ကုန်ပစ္စည်းများ စစ်ဆေးရန်ထားရှိသည့် Mobile X-Ray စက်နေရာကို ရှောင်ကွင်းနိုင်သည့်နေရာများအား ပိတ်ဆို့စစ်ဆေးစဉ်အတွင်း ကျပ်သိန်း ၇,၉၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ သယ်ဆောင်လာသော ယာဉ်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံအား ဆက်လက်ဖမ်းဆီးရာတွင် ပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

လားရှိုးမှ မန္တလေးသို့ လူနှစ်ဦးလိုက်ပါ မောင်းနှင်စီးနှင်းလာသည့် ကုန်ပစ္စည်းတင်ဆောင်လာခြင်းမရှိသော ၆ ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းခေါင်မိုးအပေါ်အံဝှက်အတွင်း မသင်္ကာဖွယ်မူးယစ်ဆေးဝါးများတွေ့ရှိရသဖြင့် ပဏာမစစ်ဆေးချက်အရ မန္တလေးသို့ ပို့ရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးပိုင်ရှင်မှာ ၎င်းတို့ရှေ့မှ Toyota Land Cruiser အမျိုးအစားခဲရောင်မော်တော်ယာဉ်ဖြင့် ကြိုသွားနှင့်ပြီး မန္တလေးမြို့အဝင်တွင် စောင့်ကြိုမည်ဖြစ်ကြောင်း သိရှိရသည်။

မူးယစ်ဆေးဝါးသယ်ဆောင်လာသည့်ယာဉ်ကို တပ်ဖွဲ့ဝင်များ သက်သေများနှင့်အတူ မန္တလေးဘက်သို့ မောင်းနှင်စေခဲ့ကြောင်း ၊  နေ့လည်ပိုင်းတွင် မန္တလေးမြို့အဝင်၌ Toyota Land Cruiser ယာဉ်အားတွေ့ရှိသဖြင့် ဖမ်းဆီးရရှိရေး ပိတ်ဆို့တားဆီးစဉ် ရဲတပ်ဖွဲ့ပိုင်ယာဉ်ကိုပွတ်တိုက်ပြီးနောက် မန္တလေးမြို့အတွင်း လှည့်ပတ်မောင်းနှင် ထွက်ပြေးသဖြင့် နောက်မှ ထပ်ချပ်မကွာလိုက်လံဖမ်းဆီးသော်လည်း ရပ်တန့်ခြင်းမရှိ၍ မန္တလေးမြို့၊၂၆ လမ်းပေါ် ၅၆ လမ်းနှင့် ၅၇ လမ်းကြားအရောက်တွင် ယာဉ်ဘေးချင်းယှဉ်၍ သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ဖမ်းဆီးရခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ဖမ်းဆီးမှုကြောင့် Toyota Land Cruiser ယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးသူသည် ညာဘက်လက်ဖျံ သေနတ်ထိမှန်၍ လက်ရ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ ၆ ဘီး ယာဉ်ပေါ်တွင် ဆပ်ပြာခွက် ၁၃၂၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၁၃ ဒသမ၂ ကီလို၊ ငွေကျပ်သိန်း ၇,၉၂၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးများပိုင်ရှင်နှင့် ၆ဘီးမော်တော်ယာဉ်ပေါ်ပါ ၂ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း နှင့်  ကွင်းဆက်တရားခံများဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)