Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီး ၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ပမာဏများပြားသော မူးယစ်ဆေးဝါးများဖမ်းဆီးမိ 

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးများအား တွေ့ရစဉ်(ဓာတ်ပုံ - CCDAC Myanmar)

ရန်ကုန် ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) 

စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ပမာဏများပြားသော မူးယစ်ဆေးဝါးများ အသီးသီး ဖမ်းဆီးရမိခဲ့ပြီး ပစ်ခတ်ဖမ်းဆီးရသည့် အခြေအနေများလည်း ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) က သတင်းထုတ်ပြန်ခဲ့သည်။ 

မွန်ပြည်နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သံဖြူဇရပ်မြို့နယ်၊ ရေး-သံဖြူဇရပ်ကားလမ်း၊ သက္ကောကျေးရွာအနီးတွင် စက်တင်ဘာ ၁၁ ရက်က မော်တော်ယာဉ်တစ်စီးအား စစ်ဆေးရန် တားဆီးရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသောကြောင့် သေနတ်ဖြင့် ပစ်ခတ်တားဆီးရာ ယာဉ်ဘီးများကျည်ဆံထိမှန်ပြီး ရပ်တန့်သွားသဖြင့်စစ်ဆေးရာ လူသုံးဦးအား အိုက်စ် ၉ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄,၈၄၀ ပြား(တန်ဖိုးငွေကျပ် ၃၈၄၂ သိန်း) တို့နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း ၊ စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းတို့မူးယစ်ဆေးဝါးစတင်ယူဆောင်ခဲ့သည့် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ အမှတ်(၃)ရပ်ကွက်၊ ရတနာသိင်္ခလမ်းနေထိုင်သူ၏ နေအိမ်ကို စက်တင်ဘာ ၁၁ ရက် ညနေပိုင်းတွင် ရှာဖွေရာ အိမ်အတွင်းရှိ မြေအောက်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၄၃,၄၀ဝ ပြား၊ ဘိန်းဖြူ ၁၀၈ ဒသမ ၁၅ ကီလိုခန့်၊ ကတ်တမင်း ၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြားအကြေမှုန့် ဝ.၄၅ ကီလို (တန်ဖိုးငွေကျပ် ၁၀ဝ,၈၅၅ သိန်း)ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

ကွင်းဆက်အရ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ ဩဂုတ်လ ၁၉ ရက်နေ့က ဝေါလေမြို့၊ ဝေါလေ-မြဝတီသွားကားလမ်း၊ သဲဖြူချောင်းကျေးရွာ အနီးတွင် အိုက်စ် ၁,၅၉၈ ကီလို၊ ဘိန်းဖြူ ၁၃၇ ဒသမ ၆၅၅ ကီလိုနှင့် မော်လမြိုင်မြို့၌ စိတ်ကြွရူးသွပ်ဆေးပြား ၅၈,၀ဝ၀ ပြား ဖမ်းဆီးရမိခဲ့သည့် မြဝတီမြို့မရဲစခန်း၊ မယ(ပ)၁၁၁/၂၀၂၀ မူးစိတ်ပုဒ်မ ၁၉(က)/ ၂၁ အမှုမှ ဖမ်းမိမူးယစ်ဆေးဝါးပိုင်ရှင်ဖြစ်သူက ထိုင်းငွေ ၁၃၀,ဝ၀ဝ ဘတ်ပေး၍ ၎င်း၏နေအိမ်တွင် သိမ်းဆည်းခိုင်းထားသောပစ္စည်းများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။ 

ထို့အတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၁ ရက် ညပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၊ ပင်လည်ဘူး-ဖောင်းပြင်သွားလမ်း၊ ဝါးဘိုးချောင်းကျေးရွာအနီးတွင် သတင်းအရ ကွန်တိန်နာယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာတွင် ယာဉ်ပေါ်မောင်းနှင်လိုက်ပါလာသူ နှစ်ဦး နှင့် ယာဉ်ကြမ်းခင်းအံဝှက်အတွင်းမှ ဘိန်းဖြူ ၉ ဒသမ ၄၅ ကီလို(တန်ဖိုးငွေကျပ် ၇,၅၆၀ သိန်း)သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရ ၎င်းတို့မူးယစ်ဆေးဝါးများစတင်ယူဆောင်လာသည့် သီပေါမြို့နယ်၊ စံလောင်းကျေးရွာရှိ လူတစ်ဦးအား ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ဖောင်းပြင်-ဗန်းမောက်ကားလမ်း၊ မြောက်လွင်ကျေးရွာအနီးတွင် ဖောင်းပြင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် မော်တော်ယာဉ်အားစစ်ဆေးရန်ရပ်တန့်ခိုင်းစဉ်လမ်းပိတ်ဆို့ရပ်ထားသည့် စစ်ဆေးရေးအဖွဲ့၏ ဆိုင်ကယ် ၃ စီးအား ယာဉ်ဖြင့်တိုက်ကာမောင်းနှင်ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ မော်တော်ယာဉ်၏ နောက်ဘီးများအား ကျည်ဆံထိမှန်ပြီး တစ်ဖာလုံခန့်အကွာလမ်း၏ယာဘက်ဘေးသို့ ယာဉ်ထိုးကျ တိမ်းမှောက်သွားခဲ့ကြောင်း၊ ယာဉ်မောင်းမှာခုန်ချထွက်ပြေးတိမ်းရှောင်သွားပြီး မော်တော်ယာဉ်နောက်ခန်းအတွင်းရှိ ဆာလာအိတ်များအတွင်းမှ ဘိန်းဖြူ ၉ ဒသမ ၅၇ ကီလို(တန်ဖိုးငွေကျပ် ၉,၅၇၀ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူထားကြောင်းနှင့် ကွင်းဆက်တရားခံများ ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။ (Xinhua)