Connect with us

Politics, Law & Military

မြန်မာနိုင်ငံရဲတပ်ဖွဲ့က လက်နက်ဥပဒေအသစ် ရေးဆွဲလျက်ရှိ

ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ် ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် လက်နက်များနှင့် ပတ်သက်ပြီး တစ်ပြေးညီ အာဏာသက်ရောက်မှုရှိစေရန်အတွက် လက်နက်ဥပဒေအသစ် ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရေးဆွဲလျက်ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူက ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ ပြောခဲ့သည်။

မိုင်းရှူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအေး၏  “ရှမ်းပြည်နယ်တွင် လက်နက်နှင့် သက်ဆိုင်သော ဥပဒေများ အား မည်သို့ ကျင့်သုံးလျက်ရှိသည်ကို ရှင်းလင်းစွာ ဖြေကြားပေးရန်နှင့် နိုင်ငံတော်တစ်ဝှမ်းလုံး တစ်ပြေးညီ အာဏာသက်ရောက်စေမည့် လက်နက်နှင့် သက်ဆိုင်သော ဥပဒေတစ်ရပ်ကို အသစ်ရေးဆွဲပြဌာန်းသွားရန် အစီအစဉ်ရှိ၊ မရှိ” ဟူသောမေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။
ဒုတိယဝန်ကြီးက “မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးလျက်ရှိနေတဲ့ လက်နက်နဲ့ သက်ဆိုင်တဲ့ ဥပဒေများဟာ လက်ရှိ အခြေအနေများနှင့် ကိုက်ညီမှုရှိသော်လည်း ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် တစ်ပြေးညီ အာဏာ သက်ရောက်မှုရှိစေရန် လက်နက်ဥပဒေအသစ်ကို မြန်မာ နိုင်ငံရဲတပ်ဖွဲ့က ရေးဆွဲလျက်ရှိပါတယ်”ဟု ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်တစ်ဝှမ်းလုံး အစိုးရပိုင် သို့မဟုတ် ဥပဒေအရ ကိုင်ဆောင်ခွင့်ရှိသူပိုင် လက်နက်ခဲယမ်းများ ခိုးယူလျှင် သို့မဟုတ် ခိုးယူရန် ကြံစည်လျှင်၊ သို့မဟုတ် ရောင်းချလျှင် ၁၉၄၉ ခုနှစ် လက်နက်အရေးပေါ် ပြစ်ဒဏ်စီရင်မှု ယာယီအက်ဥပဒေအရလည်းကောင်း၊ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ရန်အကြံအစည်ဖြင့် သေနတ်ကျည်များ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ လက်ဝယ်ထားရှိလျှင် ၁၉၅၁ ခုနှစ် အက်ဥပဒေနှင့်လည်းကောင်း အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း လည်း ဒုတိယဝန်ကြီးက ပြောခဲ့သည်။
မြန်မာနိုင်ငံ၌ ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေ၊ ၁၈၉၅ ခုနှစ်၊ ၁၉၂၄ ခုနှစ်၊ ၁၉၄၈ ခုနှစ်၊ ၁၉၄၉ ခုနှစ်နှင့် ၁၉၅၁ ခုနှစ်တို့ တွင် ပြဌာန်းထားသည့် လက်နက်နှင့် သက်ဆိုင်သော ဥပဒေများကို ကျင့်သုံးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.