Connect with us

Politics, Law & Military

မြန်မာ ကိုယ်စားလှယ် အဖွဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ခ်ဘဇား နှင့် ဒါကာ သို့သွားရောက်ခဲ့သည့် ခရီးစဉ် နှင့် စပ်လျဉ်း၍ ရှင်းလင်း


ရန်ကုန် ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ခ်ဘဇား နှင့် ဒါကာသို့ သွားရောက်ခဲ့သည့် ခရီးစဉ်နှင့်စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်အား ယနေ့ဧပြီ ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၌ ပြုလုပ်ခဲ့သည်။

ထိုသတင်းစာ ရှင်းလင်းပွဲအား နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ ၊ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အပါအဝင် သွားရောက်ခဲ့သည့် မြန်မာကိုယ်စားလှယ် အဖွဲ့တာဝန်ရှိသူများက သံတမန်များ ၊ ပြည်တွင်း/ပြည်ပ သတင်း မီဒီယာများအား ရှင်းလင်း ပြောကြားခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက ရှင်းလင်း ပြောကြား စဉ်(ဆင်ဟွာ)

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက မြန်မာကိုယ်စားလှယ် အဖွဲ့ သွားရောက်ခဲ့မှု အပေါ် ရခိုင်ပြည်နယ်မှ နေ့ရပ်စွန့်ခွာသူများအား ပြန်လည် ခေါ်ရန် နှစ်နိုင်ငံ သဘောတူ စာချုပ်အား ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ချုပ်ဆိုခဲ့ပြီး ထိုလုပ်ငန်းစဉ်များ အချိန်ကြာမြင့်လာသဖြင့် မြန်မာနိုင်ငံ ဘက်မှ ကိုယ်စားလှယ် အဖွဲ ့အား စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ လိုအပ်မှုများ အပေါ် ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာ နှစ်နိုင်ငံ ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဖွင့် အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ခ်ဘဇား နှင့် ဒါကာသို့ သွားရောက်ခဲ့သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက “အမြန်ဆုံး ပြန်လည် လက်ခံဖို့ကျွန်တော်တို့မှာ ဆန္ဒရှိတယ်။ဒီမှာ နေခဲ့ဘူးသူ မှန်သမျှကို ဦးရေ သတ်မှတ်ချက် မဟုတ်ဘဲ နှစ်နိုင်ငံ သဘောတူ စာချုပ်ထဲမှာ ပါတဲ့ အတိုင်း ချက်ချင်း ပြန်လက်ခံချင်တဲ့ ဆန္ဒ ရှိတယ်။မုတ်သုန် ရာသီကလဲ ဝင်တော့မယ်။ဒါကြောင့် အဲဒီဘက်ကို သွားတယ်။ပြန်လည် လက်ခံဖို့နှောင့်နှေးနေတဲ့ အတွက်ကြောင့် နှောက်နှေးနေတဲ့ အချက်တွေ ဘာတွေ ရှိလဲ။ဘာကြောင့် နှောင့်နှေး ရလဲ ဆိုတာ သိအောင် ကိုယ်တိုင် သွားတာ ဖြစ်ပါတယ်။သွားတဲ့ အခါမှာ နှောင့်နှေးတဲ့ အကြောင်းက ပုံစံတွေ ပုံစံတကျ ဖြည့်ထားတာ မရှိဘူး။ ဖြည့်ပြီး ပို့တဲ့ ပုံစံတွေကလဲ ပုံစံ မကျလို့ကျွန်တော်တို့မှာ စစ်ဆေးရတာ ခက်တယ်။ ဒါကြောင့်မို့ ကြန့်ကြာတယ်။ အဖြေက ထွက်ခဲ့ပါတယ်။နိုင်ငံခြားရေး ဝန်ကြီး နဲ့ပြည်ထဲရေး ဝန်ကြီးတို့နဲ့တွေ့ဆုံပြီးတော့ တကယ့် အဖြစ်အပျက်တွေကို ဆွေးနွေးနိုင်ခဲ့တဲ့ အတွက်ကြောင့် ရှေ့ကို ဒီအခက်အခဲတွေကို ကျော်လွှားပြီးတော့ ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေကို ရရှိဖို့အတွက် သွားတာ ဖြစ်တဲ့ အတွက် ကြောင့် ဒီရည်ရွယ်ချက် နှစ်ခုနဲ့သွားတာ ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ခ်ဘဇား နှင့် ဒါကာသို့ သွားရောက်ခဲ့သည့် ခရီးစဉ်နှင့်စပ်လျဉ်း၍ မြန်မာ ကိုယ်စားလှယ် အဖွဲ့က ရှင်းလင်းနေစဉ်(ဆင်ဟွာ)

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေးအား မြန်မာနိုင်ငံဘက်မှ ပြင်ဆင်ထားရှိမှု အပေါ် နှစ်နိုင်ငံ သဘောတူ စာချုပ် အတိုင်း ဥပဒေ နှင့် အညီ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၊ ၂၀၁၈ ခုနှစ်မှ စတင် လက်ခံ၍ ရသောကြောင့် အဆင်သင့် ဖြစ်အောင် လုပ်ခဲ့ကြောင်း ၊ ယခုလည်း လုပ်ဆောင်ရင်း ပို၍ အဆင်သင့် ပြည့်ပြည့်စုံစုံ ဖြစ်လာခဲ့ကြောင်း ၊ ယခုအချိန်တွင် လိုအပ်သည့် ကိစ္စ မှန်သမျှအား ဖြည့်ဆည်း နိုင်အောင် ပြည့်ပြည့်စုံစုံ ဖြစ်နေပြီ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားခဲ့သည်။

ခရီးစဉ် အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးက နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေး နှင့် စပ်လျဉ်း၍ သတ်မှတ်ထားသည့် ပုံစံကို သဘောတူထားခြင်း ဖြစ်သည့် အတွက် သဘောတူထားသည့် ပုံစံများအား ပို့ပေးသွားမည်ဟု ပြောကြားထားကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြန်လည် ရှင်းလင်း ပြောကြားခဲ့သည်။သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာကိုယ်စားလှယ်အဖွဲ့တွင် လိုက်ပါသွားခဲ့သည့် ဒေါက်တာအောင်ထွန်းသက် ၊ ဒေါက်တာ သက်သက်ဇင် ၊ ဦးတင်မြင့် ၊ ဦးသန်းလွင် နှင့် ဒေါက်တာလှထွန်း တို့က ခရီးစဉ် အတွေ့အကြုံ များအား ရှင်းလင်း ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့မြန်မာ ကိုယ်စားလှယ် အဖွဲ့သွားရောက်ခဲ့သည့် ခရီးစဉ် အတွင်း ကော့ခ်ဘဇားရှိ နေရပ် စွန့်ခွာနေထိုင်သူများ စခန်း၌ နေရပ်စွန့်ခွာ သူများနှင့် တွေ့ဆုံခဲ့ပြီး ဒါကာမြို့ နိုင်ငံတော် ဧည့်ဂေဟာ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး နှင့် ပြည်ထဲရေး ဝန်ကြီး တို့နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့် အပြင် ဒါကာမြို့ရှိ မြန်မာသံရုံး၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း များမှ တာဝန်ရှိသူများ နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံဘက်မှ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း အသိပေးရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဧပြီ ၁၁ ရက်မှ ၁၃ ရက် အထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ခ်ဘဇား နှင့် ဒါကာသို့ သွားရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များ အဖြစ် UEHRD ညှိနှိုင်းရေးမှူးချုပ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ဇင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင် ၊ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း၊ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့မှ ဒေါက်တာလှထွန်း၊ ဦးသန်းလွင်နှင့် ဦးတင်မြင့် နှင့် တာဝန်ရှိသူများ လိုက်ပါသွားခဲ့ကြောင်း သိရသည်။(Xinhua)