Connect with us

Politics, Law & Military

ယာဉ်အန္တရာယ်ကင်းရေးနှင့် ယာဉ်စီမံခန့်ခွဲမှု ဥပဒေ တင်သွင်း

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း(ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

“ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေကြမ်း”ကို အမျိုးသား လွှတ်တော် ယနေ့ အစည်းအဝေး၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက တင်သွင်းခဲ့သည်။

“ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် သတ်မှတ်ချက်များနှင့်အညီ စစ်ဆေး ကြီးကြပ် နိုင်ရေး၊ ယာဉ်ကြော ပိတ်ဆို့မှု လျော့နည်းစေရေးနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ရာမှာ အဆင့်မြင့် နည်းပညာသုံး ပို့ဆောင်ရေး စနစ်ကို ထိရောက်စွာ အသုံးပြုနိုင်ရေး ယာဉ်မတော်တဆ အန္တရာယ်ကြောင့် ပြည်သူတို့ အသက်စည်းစိမ်လူမှု စီးပွား ဆုံးရှုံးမှုများနဲ့ ထိခိုက်ဒဏ်ရာရရှိမှုများ လျော့နည်း လာစေရန်နဲ့ လမ်းအသုံးပြုသူများ သွားလာမှု လွယ်ကူ ချောမွေ့စေရန် ရည်ရွယ်ပြီး  အရင်က မော်တော်ယာဉ်ဥပဒေကို အသစ် ပြန်လည် ရေးဆွဲထားတဲ့ ဥပဒေကြမ်း ဖြစ်ပါတယ်၊ ပြစ်ဒဏ် သတ်မှတ်ချက်တွေကိုလည်း ပြင်ဆင်ထားပါတယ်” ဟု ဒုတိယဝန်ကြီး ဦးကျော်မျိုးက အမျိုးသား လွှတ်တော်သို့ ရှင်းလင်း တင်ပြခဲ့သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုး ဥပဒေကြမ်း တင်သွင်းစဉ်။(ဆင်ဟွာ)

အမျိုးသား လွှတ်တော် အစည်းအဝေး အပြီး ကိုယ်စားလှယ်များ ထွက်ခွာလာစဉ်။(ဆင်ဟွာ)

“မော်တော်ယာဉ် ဥပဒေ” ကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၅၅)ဖြင့် ၂၀၁၅ ခုနှစ် စက်တင် ဘာ ၇ ရက်နေ့တွင် ပြဌာန်းခဲ့သည့် အချိန်မှ စပြီး ကျင့်သုံးခဲ့ရာမှ ၂၀၁၆ ခုနှစ် ဧပြီ ၂၇ ရက်နေ့တွင် မြန်မာ့ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်းက အဆိုပါ မော်တော်ယာဉ်ဥပဒေကို ပြန်လည် စိစစ် သုံးသပ်ပေးရန် အမျိုးသားလွှတ်တော် ဥက္ကဌထံ တင်ပြခဲ့ ကြောင်း၊ သို့ဖြစ်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြည်ထောင်စုလွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် နှင့် ပြည်သူ့လွှတ်တော် ပို့ဆောင် ဆက်သွယ်ရေး ကော်မရှင်နှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဝင်များနှင့် အခြား ပြည်ထောင်စု အဆင့် ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် အစည်းအဝေးများ ပြုလုပ်ကာ အဖွဲ့အစည်း အသီးသီး၏ သဘောထားများ ရယူပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ဥပဒေကြမ်းအသစ် ပြင်ဆင်ရေးဆွဲခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်ထဲတွင် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကဦးဆောင်ပြီး ဆက်စပ်ဝန်ကြီးဌာနများ အဖွဲ့အစည်း များနှင့် အစည်းအဝေး ခြောက်ကြိမ် ပြုလုပ် ညှိနှိုင်းခဲ့ကြောင်း၊ ထိုညှိနှိုင်းမှုများအရ ဥပဒေကြမ်းအား အမည်သစ်ပေးပြီး အခြား ဆက်စပ် ဝန်ကြီး ဌာနများ၏ လုပ်ပိုင်ခွင့်များနှင့် ဆက်စပ်နေသည့် မော်တော် ယာဉ် တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းနှင့် ပြည်ပမှ တင်သွင်းသည့် မော်တော် ယာဉ် အရေအတွက် ကန့်သတ်ခြင်းဆိုင်ရာ ကိစ္စရပ်များကို မော်တော်ယာဉ် ဥပဒေတွင် ပယ်ဖျက်  ရေးဆွဲ ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ထို့နောက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ပြန်လည်ရေးဆွဲခဲ့ပြီး ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ တင်ပြကာ ဥပဒေကြောင်းအရ စိစစ်ပေးနိုင်ရန် သဘောထား တောင်းခံခဲ့ကြောင်း၊ ထိုသဘောထားမှတ်ချက်များနှင့်အညီ ဥပဒေကြမ်းကို လေးကြိမ် ပြင်ဆင် ရေးဆွဲ တင်ပြခဲ့ကြောင်း၊ ထို့နောက် ဆက်စပ် ဝန်ကြီးဌာနများနှင့် ထပ်မံညှိနှိုင်းခဲ့ပြီး ၂၀၁၉ သြဂုတ် ၈ ရက်တွင် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြ အတည်ပြုချက် ရယူခဲ့ ကြောင်း၊ ထိုမှ တစ်ဆင့် လွှတ်တော်သို့တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ အခန်း ၁၄ ခန်း၊ ပုဒ်မ ၉၈ ခုတို့ဖြင့် အသစ်ပြန်လည် ရေးဆွဲထားကြောင်း လည်း ဒုတိယဝန်ကြီးက ရှင်းပြခဲ့သည်။

အဆိုပါ ဥပဒေကြမ်းကို ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၁၉ နိုဝင်ဘာ ၂၅ ရက်၊ တနင်္လာနေ့ထက် နောက်မကျဘဲ အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေး မှူးချုပ်ထံ အမည်စာရင်း ပေးကြရန် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက ပြောကြားခဲ့ သည်။(Xinhua)