Connect with us

Politics, Law & Military

လွှတ်တော် အမတ်များ တာဝန်ကျေပွန်စွာဆက်လက်ကြိုးပမ်းရန်လွှတ်တော် ဥက္ကဋ္ဌတိုက်တွန်း

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်စတုတ္ထပုံမှန် အစည်းအဝေး ပြီးစီးသည့်နေ့ တွင် နှုတ်ခွန်းဆက်စကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၁၇ ရက် (ဆင်ဟွာ)

ပြည်သူ့လွှတ်တော် ကိုယ်စားများသည် မိမိတို့မဲဆန္ဒရှင် ပြည်သူများ၏ ဆန္ဒနှင့် မျှော်လင့်ချက်များကို ပြည့်ဝစေရန် တာဝန်ကျေပွန်စွာ ဆက်လက် ကြိုးပမ်းကြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်က ယနေ့ ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး အပြီးတွင် တိုက်တွန်းပြောကြားခဲ့သည်။

“ကျွန်တော်တို့လျှောက်လှမ်းခဲ့ရတဲ့ ဒီမိုကရေစီ ခရီးကြမ်းဟာ ကာလ ရှည်ကြာစွာ ရုန်းကန် လှုပ်ရှားခဲ့ရ တာပါ။ ပြင်းပြတဲ့ စိတ်ဓာတ်နဲ့မလျှော့သောဇွဲလုံ့လတွေကြောင့်သာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကာလကိုရောက်ရှိကြတာ ဖြစ်ပါတယ်။ ပြည်သူများ မျှော်လင့်တောင့်တနေတဲ့ ဒီမိုကရေစီ ပန်းတိုင်ကို ရောက်ရှိနိုင်ဖို့ကျွန်တော်တို့ ရှေ့ကို ခရီးဆက်ကြရဦးမှာ ဖြစ်ပါတယ်၊ ဒီမိုကရေစီ အခြေခံအုတ်မြစ်ဖြစ်တဲ့ လွှတ်တော်ရဲ့ လုပ်ငန်း တာဝန်တွေကို ပီပြင်စွာ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ကိုယ်စားလှယ်တွေမှာ အဓိက တာဝန်ရှိပါတယ်၊ လွှတ်တော်ရဲ့ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းတွေကို တိကျစွာ လိုက်နာပြီး မဲဆန္ဒရှင်ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ဆန္ဒတွေကို ပြည့်ဝစေဖို့ တာဝန်ကျေပွန်စွာ ဆက်လက်ထမ်းဆောင်ပေးကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးသည် ယနေ့အထိ ၁၉ ရက် မြောက် ရှိခဲ့ပြီ ဖြစ်ပြီး အစည်းအဝေး ကာလ အတွင်း ကြယ်ပွင့်ပြ မေးခွန်း ၉၂ ခု မေးမြန်းခြင်း ဖြေကြားခြင်း ၊ ကြယ်ပွင့်မပြ မေးခွန်း ၃၄၉ ခု ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ အတည်ပြု အဆို ခြောက်ခု၊ မှတ်တမ်းတင် အဆို ငါးခုနှင့် ဆက်လက်ဆွေးနွေးရန် ကျန် အဆို သုံးခုတို့ ရှိကြောင်း၊ ဆွေးနွေး ဆောင်ရွက်ခဲ့သည့် ဥပဒေကြမ်း ၁၉ ခုရှိရာ ကိုးခုကို အတည်ပြုနိုင်ခဲ့ကြောင်း၊ ဆောင်ရွက်ရန် ကျန် ဥပဒေကြမ်း ဆယ်ခု ရှိကြောင်း၊ ယခု အစည်းအဝေးကာလအတွင်း ပြည်သူ့လွှတ်တော် ကော်မတီ လေးခုကို သက်တမ်းတိုးမြှင့်ခြင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၄ ဦးတို့ကို ကော်မတီ အဖွဲ့ဝင်များ အဖြစ် ထပ်မံ ထည့်သွင်းဖွဲ့စည်းခြင်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ရှစ်ဦးကို ကော်မတီ အဖွဲ့ဝင်များ အဖြစ် အစားထိုး လဲလှယ်ခြင်း တို့ကိုဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးကို ကော်မတီ ပြောင်းရွှေ့ တာဝန်ပေးခြင်းနှင့် တပ်မတော် သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၈ ဦးကို ကော်မတီ အသီးသီးတွင် လေ့လာသူများ အဖြစ်တာဝန်ပေးအပ်ခြင်းကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း လည်း ၎င်းက ပြောခဲ့သည်။

ထို့အပြင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက “နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ဖို့ဆောင်ရွက်ကြရာမှာ စေတနာကောင်း တစ်ခုတည်းနဲ့မအောင်မြင်နိုင်ဘူး ဆိုတာ အမြဲ သတိပြုကြရမှာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ ပညာ ဗဟုသုတ အတွေ့အကြုံ ဆင်ခြင်တုံ တရားနဲ့ကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေ မှန်ကန်တဲ့ လုပ်နည်း လုပ်ဟန်တွေကို ပေါင်းစပ် အသုံးချနိုင်မှသာ နိုင်ငံတော်နဲ့နိုင်ငံသူ နိုင်ငံသားတို့အတွက် အကျိုးရှိတဲ့ ရလဒ်ကောင်းတွေ ပေါ်ထွက်လာမှာဖြစ်ပါတယ်၊ နိုင်ငံတော် တည်ငြိမ် အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်ဖို့ ကျွန်တော်တို့အားလုံး စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို မွေးမြူကြ ရမှာ ဖြစ်ပါတယ်၊ ပြည်သူလူထုရဲ့ စည်းလုံးညီညွတ်မှု အင်အားနဲ့ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ရမယ့် အထူးကိစ္စကတော့ ပြည်တွင်း ငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်၊ ယနေ့တိုင် ဖြေရှင်းလို့ မပြီးပြတ်သေးတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့်နိုင်ငံရေး စီးပွားရေး လူမှုရေး ပညာရေး ကျန်းမာရေး ဟန်ချက်တွေ ပျက်ယွင်းပြီး နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး နောက်ကျခဲ့ရတာ ဖြစ်ပါတယ်၊ ထာဝရ ငြိမ်းချမ်းရေး ရရှိဖို့အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန် နားလည်မှု၊ အပြန်အလှန် လေးစားမှု၊ သဘောထား ကြီး စိတ်ရှည် သည်းခံမှုများနဲ့ပြည်ထောင်စုကြီးရဲ့ အကျိုးကို မျှော်ကိုးပြီးညှိနှိုင်း ဆွေးနွေးအဖြေရှာကြရမှာ ဖြစ်ပါတယ်” ဟုလည်း ပြောခဲ့သည်။ (Xinhua)