Connect with us

Politics, Law & Military

သူမနာ ကိုယ်မနာ သင်ပုန်းချေရေးမူဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ရအောင် ကြိုးပမ်းကြရန် လွှတ်တော်က တိုက်တွန်း

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) ဒုတိယ အစည်းအဝေး၌ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့် အမှာစကားပြောကြားစဉ်(ဆင်ဟွာ)

နေပြည်တော်၊ မေ ၂၄ ရက် (ဆင်ဟွာ)

နိုင်ငံသူ နိုင်ငံသား အားလုံးက လိုလားနေကြသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်နိုင်ရေးအတွက် သူမှား ကိုယ်မှား ပြောမနေကြဘဲ သူမနာ ကိုယ်မနာ သင်ပုန်းချေရေး မူဖြင့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယနေ့နံနက် ပြောကြားခဲ့သည်။

“ရှေ့ဆက်ရမယ့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ သူမှား ကိုယ်မှား ပြောမနေကြဘဲ သူမနာ ကိုယ်မနာ သင်ပုန်းချေရေးမူဖြင့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိအောင် စွမ်းဆောင်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်၊ သူမနာ ကိုယ်မနာ မျှတသောသဘောထားဟာ နိုင်ငံတော်ရဲ့ အကျိုးကို သယ်ပိုးခြင်း ဖြစ်သလို နိုင်ငံသူ နိုင်ငံသားများရဲ့ ဆန္ဒကို ဖြည့် ဆည်းခြင်းလည်း ဖြစ်ပါတယ်၊ မိမိတို့ရဲ့ ဆွေးနွေးပွဲ ရလဒ်ဟာ မိမိတို့ရဲ့ရပ်တည်ချက် မိမိတို့ရဲ့ဆန္ဒကို ရယူကြရန် မဟုတ်ဘဲ နိုင်ငံတော်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးကြရန်သာ ဖြစ်ရပါမယ်” ဟု နေပြည်တော် MICC II တွင် ယနေ့နံနက် ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) ဒုတိယ အစည်းအဝေး၌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က အဖွင့် အမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) ဒုတိယ အစည်းအဝေး၌ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း က အဖွင့် အမှာစကားပြောကြားစဉ်(ဆင်ဟွာ)

ယခုအချိန်မှာ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး အချိန်ဖြစ်သည်ဟု ခံယူကြောင်း၊ တစ်သက်မှာ တစ်ခါပဲ ရတတ်သည့် ရတောင့်ရခဲ အခွင့်အရေးကြီးကို ပစ္စုုပ္ပာန်နှင့် အနာဂတ် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ငြိမ်းချမ်းရေး အခွင့်အလမ်း အဖြစ် ထုဆစ် ပုံဖော်ဖို့ တာဝန်ကိုယ်စီ ရှိသည်ဟု ခံယူထားကြောင်း၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ မိမိတို့အလိုမကျတိုင်း ဆန္ဒ မပြည့်ဝတိုင်း ပဋိပက္ခများ၊ တိုက်ပွဲများ ရှိနေပါက ငြိမ်းချမ်းရေး မရနိုင်ကြောင်း၊ အလိုမကျမှုကို သည်းခံ ခွင့်လွှတ်ခြင်း သဘောထားကြီးခြင်းတို ဖြင့်သာ အောင်မြင်နိုင်ကြောင်း၊ အမုန်းတရားများ၊ အာဃာတများ ထားနေပါက မည်သည့်အဖွဲ့အစည်းမျှ မငြိမ်းချမ်းနိုင်ကြောင်း၊ ငြိမ်းချမ်းရေးအတွက် အတူ လက်တွဲ ဆောင်ရွက်ကြရာတွင် တစ်ဖွဲ့နှင့် တစ်ဖွဲ့ စိုးရိမ်ပူပန်မှုများ ရှိလာပါက ယုံကြည်မှုများ ရရှိအောင်၊ အငြင်းပွားမှုများ ရှိသည့်အခါ သဘောတူညီမှုများ ရလာအောင်၊ ပဋိပက္ခများ ဖြစ်သည့်နေရာတွင် တည်ငြိမ်မှုများ ရလာအောင် ဝိုင်းဝန်း ပံ့ပိုး ကူညီ ကြိုးပမ်းကြဖို့လိုကြောင်း၊ တရားသေ ဆုပ်ကိုင် ဆွေးနွေးကြမည့်အစား အပေးအယူဖြင့် စေ့စပ် ညှိနှိုင်းကြစေလိုကြောင်းလည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောခဲ့သည်။

ထို့နောက် အဖွင့် အမှာ စကား ဆက်လက် ပြောကြားသည့် ပြည်ထောင်စု လွှတ်တော် နာယက၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းကလည်း “အတိတ်က ဖြစ်ရပ်တွေကို မေ့ပျောက် သင်ပုန်းချေပြီး နိုင်ငံသူ နိုင်ငံသားများရဲ့ နှစ်ပေါင်းများစွာ ခံစားနေကြရတဲ့ ဆင်းရဲ ဒုက္ခတွေကို သင်ခန်းစာ ရယူကာ ပြည်တွင်း ငြိမ်းချမ်းရေးကို ရယူပြီး နိုင်ငံသူ နိုင်ငံသားတွေအတွက် အမွေပေးခဲ့ကြပါ၊ မြင့်မြတ်တဲ့ သမိုင်းကို ရေးထိုးကြပါလို့ ပန်ကြားလိုပါတယ်၊ မိမိတို့ရဲ့အတ္တ၊ မာန်မာနများ၊ သံသယများ၊ အမုန်းတရား များကို ဖယ်ရှားပြီး နိုင်ငံသား အားလုံး လိုလား တောင့်တနေတဲ့ ဖက်ဒရယ် နိုင်ငံတော်ကြီး ပေါ်ထွန်းရေးအတွက် မဆုတ်မနစ် ကြိုးပမ်းကြပါ လို့တိုက်တွန်းလိုပါတယ်” ဟု ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.