Connect with us

Politics, Law & Military

နိုင်ငံတစ်ဝန်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး ကန်ဒေါ်လာ ၈၃၉ သန်းကျော်ဖိုးအား မီးရှို့ဖျက်ဆီး 

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ရန်ကုန်အနောက်ပိုင်း ကုန်တင်ယာဉ် ရပ်နားကွင်း၌ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)

ယခု ၂၀၂၀ ပြည့်နှစ်တွင် ရန်ကုန် ၊ မန္တလေး ၊ တောင်ကြီး ၊ လားရှိုး နှင့် ကွတ်ခိုင်မြို့ ၅ မြို့၌ ၃၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အဖြစ် ဖမ်းဆီးရမိသော အမေရိကန်ဒေါ်လာ ၈၃၉ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယနေ့ ဇွန် ၂၆ ရက်တွင် ကျရောက်သော ၃၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့ အတွင်းရေးမှူး ၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်က ပြောကြားခဲ့သည်။ 

ယခုနှစ်တွင် နိုင်ငံအတွင်း ဖော်ထုတ်ဖမ်းဆီးအရေးယူမှုများ ပိုမိုပြုလုပ်နိုင်ခဲ့သဖြင့် ဖမ်းဆီးရမိမှု ပမာဏ တိုးမြင့်လာကာ ယခင်နှစ်ကထက် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၅၃၈ သန်းကျော် ပိုမို ဖျက်ဆီးနိုင်ခဲ့ကြောင်း ၊ နိုင်ငံတော် သမ္မတ၏ လမ်းညွှန်ချက် နှင့် အညီ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး လုပ်ငန်းများကို တပ်မတော် ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နှင့် မူးယစ်ဆေးဝါး တားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့တို့၏ အရှိန်အဟုန်မြှင့်တင် ကြိုးပမ်း ဆောင်ရွက်မှုကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ၂၀၁၉ ခုနှစ်ကထက် ၃ ဆခန့် ပိုမို ဖော်ထုတ် ဖမ်းဆီးရမိ ဖျက်ဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်က ပြောကြားခဲ့သည်။ 

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ရန်ကုန်အနောက်ပိုင်း ကုန်တင်ယာဉ် ရပ်နားကွင်း၌ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား တွေ့ရစဉ်(ဆင်ဟွာ) 

ရန်ကုန်အနောက်ပိုင်း ကုန်တင်ယာဉ် ရပ်နားကွင်း၌ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား တာဝန်ရှိသူများက စက်ခလုပ်နှိပ် မီးရှို့ဖျက်ဆီးမှုအား တွေ့ရစဉ်(ဆင်ဟွာ) 

ယခုနှစ်တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်းများ နှင့် ဆက်စပ်ပစ္စည်းများ ဖျက်ဆီးခြင်းကို မြို့ ၅ မြို့၌ ပြုလုပ်ခဲ့ရာတွင် မူးယစ်ဆေးဝါး နှင့် ဓာတုပစ္စည်း ၁၃၃ မျိုး စုစုပေါင်း တန်ဖိုး အမေရိကန် ဒေါ်လာ ၈၃၉ သန်းကျော်ဖိုးနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်း အမျိုးပေါင်း ၅၀ တို့အား ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

နိုင်ငံတော်အစိုးရသည် မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းများကို ထုတ်လုပ်မှုပပျောက်ရေးနှင့် သုံးစွဲမှု ပပျောက်ရေး လုပ်ငန်းစဉ်နှစ်ခုဖြင့် ဆောင်ရွက်လျက်ရှိပြီး ထုတ်လုပ်မှု ပပျောက်ရေးလုပ်ငန်းစဉ်အောက်တွင် တားဆီးနှိမ်နင်းရေးနှင့်စီမံခန့်ခွဲရေး၊ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး၊ မွေးမြူရေး၊ သီးနှံအစားထိုးစိုက်ပျိုးရေးနှင့် အစပျိုးဓာတုပစ္စည်းများ ထိန်းချုပ် ကြီးကြပ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ၊  သုံးစွဲမှုပပျောက်ရေး လုပ်ငန်းစဉ်အောက်တွင်လည်း ဆေးကုသရေး၊ ပြန်လည်ထူထောင်ရေး၊ ကျောင်းသား လူငယ်များအား အသိပညာပေးရေး၊ ပြည်သူ များအား ပညာပေးလှုံ့ဆော်ရေး၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး၊ လူမှုအကျိုးပြုလုပ်ငန်း ဆောင်ရွက်မှုကြီးကြပ်ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ထံမှ ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။ 

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီး ၊ ရခိုင်ပြည်နယ် နှင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများမှ ဖမ်းဆီးရမိသော အမေရိကန် ဒေါ်လာ ၁၄၄ ဒသမ ၀၄၈၂ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါး ၂၆ မျိုး နှင့် ဓာတုပစ္စည်း နှစ်မျိုးတို့အား လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း ကုန်တင်ယာဉ် ရပ်နားကွင်း၌ ယနေ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ 

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုင်ငံ၏ မျိုးဆက်သစ် လူငယ်များကို လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါး အန္တရာယ်ကို တားဆီးကာကွယ်ရန် နိုင်ငံတစ်ဝှမ်း မှီတင်းနေထိုင်ကြသော ပြည်သူတစ်ရပ်လုံး၏ အမျိုးသားရေး တာဝန်ကြီး တစ်ရပ် အဖြစ် အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းကြရန် အထူးအရေးကြီးကြောင်း ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး တရားမဝင် သယ်ဆောင်ခြင်း ၊ ရောင်းဝယ်ခြင်း ၊ သုံးစွဲခြင်းတို့ကို အရှိန်အဟုန်မြှင့် တားဆီးနှိမ်နင်းနိုင်ရန် နယ်မြေခံရဲတပ်ဖွဲ့ ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့များ နှင့် အကောက်ခွန် ဦးစီးဌာနတို့မှ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်း အဆင့်ဆင့်နှင့် ပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ 

ယခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကချင်ပြည်နယ် နှင့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသများ ၊ အလယ်ပိုင်း ဒေသများမှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး ၂၆ မျိုး ၊ ဓာတုပစ္စည်း ၁၆ မျိုး စုစုပေါင်း တန်ဖိုး အမေရိကန် ဒေါ်လာ သန်း ၄၀ ကျော်ဖိုးအား မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ် ရွှေမန်းတောင် အားကစားကွင်း၌ ယနေ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ 

ရှမ်းပြည်နယ် နှင့် ကယားပြည်နယ်တို့မှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး ၁၉ မျိုး နှင့် ဓာတုပစ္စည်း ၃၀ မျိုးတို့၏ စုစုပေါင်း တန်ဖိုး အမေရိကန် ဒေါ်လာ ၂၃၂ သန်းကျော်ရှိ ပစ္စည်းများအား ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အဝေယာ မီးပုံးပျံကွင်း၌ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ 

ယခုနှစ် နှစ်ဆန်းပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကွတ်ခိုင်မြို့နယ် ၊ လွယ်ခန်ဒေသတွင် တပ်မတော် စစ်ကြောင်းများ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ နယ်မြေလုံခြုံရေး ၊ တရားဥပဒေ စိုးမိုးရေးတို့အတွက် အထူးစစ်ဆင်ရေး ပြုလုပ်သိမ်းဆည်းရမိသော မူးယစ်ဆေးဝါး ၁၄ မျိုး စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၄၂၀ ဖိုးအား လားရှိုးမြို့ နယ်မြေခံတပ်ရင်းရှေ့ရှိ ဘောလုံးကွင်း၌ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ 

ထို့အတူ ကွတ်ခိုင်မြို့နယ် လွယ်ခန်ဒေသမှ သိမ်းဆည်းရမိသော အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ သန်းကျော်ဖိုးရှိ ဓာတုပစ္စည်း ၄၇ မျိုး နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း ၅၀ မျိုးတို့ကို ဇွန် ၂၃ ရက်တွင် ကြိုတင်ဖျက်ဆီးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ 

၁၉၈၇ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ ၂၆ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပြီးချိန်မှစ၍ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားများ နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယနေ့ဆိုလျှင် (၃၃) ကြိမ်မြောက်ရှိပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.