Connect with us

News

၂၀၁၆ ဧပြီ မှ ၂၀၁၉ ဒီဇင်ဘာအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၁၉ ဒသမ ၄၅၅ ဘီလီယံ ရရှိခဲ့ ဟု ဆို

ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန် အစည်းအဝေး တတိယနေ့ကျင်းပနေစဉ်။ (Pic- Hluttaw Channel)

နေပြည်တော်၊ မေ ၂၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံသို့ နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်ခဲ့ရာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ဧပြီလမှ ၂၀၁၉ ဒီဇင်ဘာလအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၇၉၉ ခုတို့ကို စိစစ် ခွင့်ပြုနိုင်ခဲ့ပြီး အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၄၅၅ ဘီလီယံရှိခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘရတ်ဆင်းက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

“၂၀၁၉ – ၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သုံးလအတွင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၇၂ တို့မှ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၆၄ ဘီလီယံ ရှိခဲ့ပါတယ်” ဟုလည်း ဒုတိယ ဝန်ကြီးက ပြောကြားခဲ့သည်။

ပွင့်ဖြူ မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဦး၏ အမေးကို ယနေ့ အစည်းအဝေး၌ ဖြေကြားရာတွင် ဒုတိယ ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်ပြီး  နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ၏ နှစ်အလိုက် စီးဝင်လာမှု အခြေအနေမှာ ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်တွင် လုပ်ငန်း ၁၃၈ ခုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆၅ ဘီလီယံ၊ ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် လုပ်ငန်း ၂၂၂ ခုမှ အမေ ရိကန်ဒေါ်လာ ၅ ဒသမ ၇၁၈ ဘီလီယံ၊ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာထိ ခြောက်လ ဘတ်ဂျက် တွင် လုပ်ငန်း ၈၅ ခုမှ ကန်ဒေါ်လာ ၁ ဒသမ ၇၆၅ ဘီလီယံ၊ ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ မှ စက်တင်ဘာအထိ လုပ်ငန်း ၂၈၂ ခုမှ ကန်ဒေါ်လာ ၄ ဒသမ ၁၅၈ ဘီလီယံ၊ ၂၀၁၉ ခုနှစ် အောက်တိုဘာမှ ဒီဇင်ဘာ အထိ လုပ်ငန်း ၇၂ ခုမှ ကန်ဒေါ်လာ ၁ ဒသမ ၁၆၄ ဘီလီယံ – စုစုပေါင်းလုပ်ငန်း ၇၉၉ ခုတို့မှ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၄၅၅ ဘီလီယံ ဖြစ်ကြောင်းလည်း ၎င်းက ရှင်းလင်း ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ဧပြီလမှ ၂၀၁၉ ဒီဇင်ဘာလ အထိ လုပ်ငန်းပေါင်း ၄၇၃ ခုတို့အား စိစစ်ခွင့်ပြုပေးခဲ့ရာ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ကျပ် ၈၉၁၄ ဒသမ ၁၉၁ ဘီလီယံ ရှိခဲ့ကြောင်း၊ ၂၀၁၆ -၁၇ ဘဏ္ဍာနှစ်တွင် လုပ်ငန်း ၅၂ မှ ကျပ် ၁၆၀၄ ဒသမ ၄၆ ဘီလီယံ၊ ၂၀၁၇ – ၁၈ တွင် လုပ်ငန်း ၁၁၉ ခုမှ ကျပ် ၃၉၇၈ ဒသမ ၀၉၇ ဘီလီယံ၊ ၂၀၁၈ ဧပြီမှ စက်တင်ဘာ ခြောက်လ ဘတ်ဂျက်တွင် လုပ်ငန်း ၁၀၅ ခုမှ ကျပ် ၉၉၅ ဒသမ ၄၀၂ ဘီလီယံ၊ ၂၀၁၈ – ၁၉ တွင် လုပ်ငန်း ၁၆၉ ခုမှ ကျပ် ၁၆၉၁ ဒသမ ၃၃၂ ဘီလီယံ၊ ၂၀၁၉ အောက်တိုဘာ မှ ဒီဇင်ဘာအထိ သုံးလအတွင်း၌ လုပ်ငန်း ၂၈ ခုမှ ကျပ် ၆၄၄ ဒသမ ၉၀၀ ဘီလီယံ – စုစုပေါင်း လုပ်ငန်း ၄၇၃ ခုမှ ကျပ် ၈၉၁၄ ဒသမ ၁၉၁ ဘီလီယံ ဖြစ်ကြောင်း ဒုတိယ ဝန်ကြီးက ရှင်းလင်း ဖြေကြားခဲ့သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးဝင်လာမှု ပမာဏတွင် စင်ကာပူနိုင်ငံက အမေရိကန်ဒေါ်လာ ၉ ဒသမ ၂၈၅ ဘီလီယံဖြင့် အများဆုံး ဦးဆောင်နေပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံက အမေရိကန် ဒေါ်လာ ၂ ဒသမ ၁၇၄ ဘီလီယံဖြင့် ဒုတိယ လိုက်နေကာ ဟောင်ကောင်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၁၅ ဘီလီယံဖြင့် တတိယနေတွင် အသီးသီးရှိနေကြောင်း၊ ယင်းနောက်တွင် ဗီယက်နမ်၊ ထိုင်း၊ ဂျပန်၊ နယ်သာလန်၊ ကိုရီးယား သမ္မတနိုင်ငံ၊ အမေရိကန်၊ ထိုင်ဝမ် နိုင်ငံတို့က ရင်းနှီးမြှုပ်နှံမှုတွင် အစဉ်လိုက် ရှိနေကြောင်းလည်း ၎င်းက ဖြည့်စွက် ရှင်းပြခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု အရ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပေါ်ပေါက်ခဲ့ရာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ဧပြီလမှ ၂၀၁၉ ဒီဇင်ဘာလအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများက ပြည်တွင်း လုပ်သား ၄၆၄,၀၅၉ ဦး၊ ပြည်ပ လုပ်သား ၁၃,၇၃၄ ဦး – စုစုပေါင်း ၄၇၇,၇၉၃ ဦး ကို အလုပ်ရစေခဲ့ပြီး မြန်မာ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများက ပြည်တွင်း လုပ်သား ၆၅,၇၀၅ ဦး၊ ပြည်ပ လုပ်သား ၁,၂၆၅ ဦး – စုစုပေါင်း ၆၆,၉၇၄ ဦးကို အလုပ်ရစေခဲ့ကြောင်း ဒုတိယ ဝန်ကြီးက ဖြေကြားခဲ့သည်။ (Xinhua)