Connect with us

Politics, Law & Military

တပ်မတော်ဆေးရုံများတွင် COVID-19 ကပ်ရောဂါပိုး စစ်ဆေးတွေ့ရှိပြည်သူ ငါးလအတွင်း ၂၁၇၅ ဦး တက်ရောက်ကုသခဲ့

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ ့၏ သတင်းစာ ရှင်းလင်းပွဲ၌ ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၃၀ ရက်(ဆင်ဟွာ) ရေးသားသူ / စိုးသန်းလင်း

COVID-19 ဒုတိယ ကာလအတွင်း တပ်မတော်က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ချက်အရ အမှတ်(၁) တပ်မတော် ဆေးရုံကြီး၊ အမှတ်(၂) တပ်မတော် ဆေးရုံ ကြီးတို့တွင် ကျား ၂၃၅၃၉ ဦး၊ မ ၁၅၃၃၇ ဦးတို့ကို RTPCR နည်း COVID 6800 နည်းတို့ဖြင့် စစ်ဆေးခဲ့ရာ ၂၀၂၀ ခုနှစ် မေ ၂၆ ရက်မှ ၂၀၂၀ ခုနှစ် အောက်တိုဘာ ၂၆ ရက်အထိ ပိုးတွေ့ ပြည်သူ ၂၁၇၅ ဦး ရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကိုယ်စား ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ နေ့လယ် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“တပ်မတော် ဆေးရုံများနဲ့ ကုသရေး စင်တာများမှာ COVID-19 ရောဂါ အတည်ပြုလူနာ အရပ် သား ပြည်သူ ကျား ၉၆၇ ဦး မ ၇၆၂ ဦး၊ စုစုပေါင်း ၁၇၂၆ ဦး၊ သံဃာတော် အတည်ပြု လူနာ ၁၀၀၃ ပါး၊ သီလရှင် အတည်ပြုလူနာ ၁၀၀ ဦးတို့ ဆေးရုံ တက်ရောက် ကုသပေးခဲ့ပြီး ၂၆၀၁ ဦး ရောဂါ သက်သာပြီး ရောဂါ လက္ခဏာ ပြသမှု မရှိတဲ့အတွက် ဆေးရုံမှ ဆင်းခွင့်ပေးလိုက်ပြီးဖြစ်ပါ တယ်၊ ဆေးရုံ တက်ရောက်နေဆဲကတော့ ၂၁၇ ဦး ဖြစ်ပါတယ်” ဟုလည်း ဗိုလ်ချုပ်က ပြောခဲ့သည်။

တပ်မတော် အနေဖြင့် COVID-19 ရောဂါ ဒုတိယလှိုင်း ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းစဉ် များအား ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းစစ်ဌာနချုပ်များအလိုက် COVID-19 ရောဂါနှင့် ပတ်သက်ပြီး စောင့်ကြည့်နိုင်ရေး အရပ်သား ပြည်သူများအတွက် နေရာထိုင်ခင်း ပြင်ဆင် ထားရှိမှု ၁၄ နေရာ၊ ဝင်ဆံ့ အင်အား ခုနစ်ထောင်ဦးခန့်ရှိရာ ဒီဇင်ဘာလ ၂၄ ရက်နေ့၌ တက်ရောက်နေသည့် အရပ်သား ၈၈၀ ဦးနှင့် ယခင်ကတည်းက ထားရှိခဲ့သည့် အရပ်သား စုစုပေါင်း ၁၁၉၇၈ ဦး ဖြစ်ကြောင်း၊ COVID-19 ရောဂါ စောင့်ကြည့် ကုသရေး ဆေးရုံ(ဖောင်ကြီး) ၌လည်း ဆေးကုသမှု ပါရဂူ၊ မေ့ဆေးပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ ရောဂါဗေဒ ပါရဂူ၊ ဆေးမှူး၊ သူနာပြု ကျွမ်းကျင် ၄၀ ဦး အဖွဲ့များဖြင့် ၂၀၂၀ ခုနှစ် ဧပြီ ၁၉ ရက်နေ့မှ စပြီး အလှည့်ကျ စေလွှတ်ကာ လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း၊ တပ်မတော်အနေဖြင့် သီးခြား ကန့်သတ် စောင့်ကြည့်ရမည့် နေရာများတွင် အရပ်သားများအား လက်ခံ ဆောင်ရွက်ပေးခြင်း၊ လိုအပ်ချက်ရှိ သည့် ကုသရေး ဆေးရုံ စင်တာများအား အောက်ဆီဂျင်အိုးများ လှူဒါန်းပေးခြင်း၊ ဆေးရုံ ဆေးခန်း လူမှု အဖွဲ့အစည်း များကို COVID-19 ကာကွယ်ရေး ပစ္စည်းများ လှူဒါန်းခြင်း၊ အာဟာရပြည့် စားသောက်ဖွယ်ရာများ လှူဒါန်းခြင်း တို့ကို ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံး တစ်ခုလုံးရှိ အရာရှိ ၊ စစ်သည် မိသားစုများအားလုံး၊ ဦးရေ သောင်းဂဏန်းခန့်ကို COVID-19 ရောဂါပိုး စစ်ဆေးခဲ့ရာ ပိုးတွေ့ ဦးရေမှာ ဒုတိယ ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် တစ်ရာကျော်ခန့်ရှိကြောင်း၊ COVID-19 ကာကွယ် ကုသ ထိန်းချုပ်ရေး (ဗဟို) သို့ အကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း၊ ပိုးတွေ့ရှိရသူတို့၏ ကျန်းမာရေး အခြေအနေမှာ အားလုံး ကောင်းမွန်လျက်ရှိကြောင်းလည်း ၎င်းက ပြန်လည် ဖြေကြား ခဲ့သည်။ (Xinhua)