Connect with us

Politics, Law & Military

FDA ခွင့်ပြုချက်ရယူထားခြင်းမရှိဘဲ ဖြည့်စွက်စာများရောင်းချသော ကုမ္ပဏီများအား အရေးယူ

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေဦးစီးဌာနခွဲမှ ဒလမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ရှောင်တခွင် စစ်ဆေးမှုပြုလုပ်နေစဉ်(ဓာတ်ပုံ-FDA)

ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)တွင် ကျန်းမာရေးထောက်ခံချက်ရယူထားခြင်း မရှိဘဲ ဖြည့်စွက်စာများအား ပြည်တွင်းဈေးကွက်၌ ဖြန့်ဖြူးရောင်းချခဲ့သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများကို အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်သော သတင်းအရ သိရသည်။

တာမွေမြို့နယ်၊ တာမွေကြီး(က+ဂ)ရပ်ကွက်ရှိ မြင့်မိုရ်ခွန် ကုမ္ပဏီလီမိတက်မှ ဖြည့်စွက်စာ(၁၆)မျိုးအား လည်းကောင်း၊ ဘိုးလိန်းအောင် မင်္ဂလာရပ်ကွက်ရှိ World Class Innervation (myanmar) ကုမ္ပဏီလီမိတက် မှဖြည့်စွက်စာ(၉)မျိုးအားလည်းကောင်း၊ ပျားရည်ကုန်းရပ်ကွက်ရှိ နှင်းမြန်မာအပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက်နှင့် ကျောက်မြောင်းကြီးရပ်ကွက်ရှိ The Wisdom Plus ကုမ္ပဏီလီမိတက်တို့မှ ဖြည့်စွက်စာ (၉)မျိုးတို့စသည့်တို့သည် ကျန်းမာရေးထောက်ခံချက်ရယူထားခြင်းမရှိဘဲ ပြည်တွင်း ဈေးကွက်၌ ဖြန့်ဖြူးရောင်းချခဲ့ကြောင်း သိရှိရသောကြောင့် အရေးယူပေးရန်တိုင်တန်းချက်အရ အဆိုပါ ကုမ္ပဏီများမှ တာဝန်ရှိသူများအား တာမွေမြို့မရဲစခန်း၌ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲမှ တာဝန်ရှိသူများသည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်၍ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသ ကီးရုံး၌ MLM စနစ်ဖြင့် လုပ်ကိုင်နေသည့် မူရင်းကုမ္ပဏီ(၂၈)ခု၊ ဆင့်ပွားကုမ္ပဏီ(၁၃)ခု စုစုပေါင်း ကုမ္ပဏီ(၄၁)ခုတို့နှင့် သက်ဆိုင်သည့် ကုမ္ပဏီတာဝန်ရှိသူများအား တွေ့ဆုံကာ စာရင်းဇယားများ၊ ဘဏ်ဝင်/ထွက်ငွေများ၊ သွင်းကုန်လျှောက်ထားခြင်းနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)ထောက်ခံချက်ရယူခြင်းများ၊ အခွန်ပေးအပ်မှုများအား ကုမ္ပဏီ၏ ရေးဆွဲတင်ပြ လာသော စာရင်းဇယားများကို ဌာနဆိုင်ရာ အတည်ပြုချက်၊ ပြန်ကြားချက်များနှင့် တိုက်ဆိုင်စစ်ဆေး ခဲ့မှုများ ပြုလုပ်ရာမှ ယခုကဲ့သို့ စစ်ဆေးတွေ့ရှိ အရေးယူနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)