Connect with us

Politics, Law & Military

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ် ချေးငွေများအပေါ် အတိုးနှုန်း(Lending Rates) ပြင်ဆင်သတ်မှတ်

ဘဏ်များမှ တောင်းခံနိုင်သည့် အတိုးနှုန်းများ (Lending Rates) ပြင်ဆင်သတ်မှတ်ခြင်း ကြေညာချက်အားတွေ့ရစဉ်(ဗဟိုဘဏ်)

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်များမှ ထုတ်ချေးသော ချေးငွေများအပေါ် တောင်းခံနိုင်သည့် အတိုးနှုန်း(Lending Rates) များကို ယနေ့ ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ချက်အရ သိရသည်။

ဗဟိုဘဏ်ဥပဒေ ပုဒ်မ-၄၈ အရ၊ ဘဏ်များမှ ထုတ်ချေးသော ချေးငွေများအပေါ် တောင်းခံနိုင်သည့် အတိုးနှုန်းများဖြစ်သည့် အာမခံပစ္စည်းများရယူ၍ ထုတ်ချေးသည့် ချေးငွေများ အပေါ်တောင်းခံနိုင်သည့် အမြင့်ဆုံးအတိုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်း အထက် (၃)ရာခိုင်နှုန်း (၁၀ % + ၃% = ၁၃%) ထက် ကျော်လွန်၍ ကောက်ခံခြင်း မပြုရန် နှင့် အာမခံပစ္စည်းရယူခြင်း မပြုဘဲဖြစ်စေ၊ ထုတ်ချေးသည့် ချေးငွေများ အပေါ် တောင်းခံနိုင်သည့်အမြင့်ဆုံးအတိုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်း အထက် (၆)ရာခိုင်နှုန်း (၁၀% + ၆% = ၁၆%) ထက် ကျော်လွန်၍ ကောက်ခံခြင်း မပြုရရန် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏အတိုးနှုန်း (Bank Rate) သည် (၁၀)ရာခိုင်နှုန်းအတိုင်း မပြောင်းလဲဘဲ ဆက်လက်တည်ရှိပြီး သတ်မှတ်သော ငွေစုဘဏ်အပ်ငွေ၊ ငွေစုလက်မှတ်နှင့် အချိန်စေ့မှ ပေးရမည့် အပ်ငွေတို့အပေါ်တွင် ပေးရသည့် အနည်းဆုံးအတိုးနှုန်းသည် ဗဟိုဘဏ်အတိုးနှုန်းအောက် (၂)ရာခိုင်နှုန်း (၁၀% – ၂% = ၈%) ထက်မနည်းစေရဟူသော သတ်မှတ်ချက်သည် မပြောင်းလဲဘဲ ဆက်လက်တည်ရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမြင့်ဆုံးအတိုးနှုန်းဆိုသည်မှာ ချေးငွေအပေါ် သတ်မှတ်သော အတိုးနှုန်းနှင့် ယင်းချေးငွေနှင့်ပတ်သက်၍ အခြားကောက်ခံသည့် အခကြေးငွေများ (ကတိ ခံကြေး၊ စီမံခန့်ခွဲမှုစရိတ်အဖြစ် တစ်လုံးတည်း (သို့မဟုတ်) အလီလီကောက်ခံသည့်စရိတ်၊ အခြားစရိတ်များ) အပါအဝင် စုစုပေါင်းကောက်ခံနိုင်သည့်နှုန်းကို ဆိုလိုခြင်းဖြစ်၍ မည်သည့် နည်းနှင့်မျှ အမြင့်ဆုံးသတ်မှတ်ထားသော အတိုးနှုန်းထက်ကျော်လွန်ခြင်း မရှိစေရန် လိုက်နာဆောင်ရွက်ရန် ဗဟိုဘဏ်က ထုတ်ပြန်ချက်တွင် ညွှန်ကြားထားကြောင်း သိရသည်။

အဆိုပါ ဗဟိုဘဏ်မှ ပြင်ဆင်ချက်များသည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ အကျိုး သက်ရောက်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.