Connect with us

Politics, Law & Military

မွန်ဂို – မြန်မာ ယဉ်ကျေးမှု ဖလှယ်ရေး MOU လက်မှတ်ရေးထိုးပြီ

) မွန်ဂိုလီးယားနိုင်ငံ ပညာရေး၊ ယဉ်ကျေးမှု နှင့် သိပ္ပံပညာ ဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့အကြား နားလည်မှု စာချွန်လွှာကို နှစ်နိုင်ငံခေါင်းဆောင်များ ရှေ့မှောက်၌ လက်မှတ်ရေးထိုးနေစဉ် (ဓာတ်ပုံ-Xinhua/Hein Htet/Pool)

နေပြည်တော်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

မွန်ဂို – မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး အတွက် မွန်ဂိုလီးယားနိုင်ငံ ပညာရေး၊ ယဉ်ကျေးမှု နှင့် သိပ္ပံပညာ ဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးပွဲကို ယနေ့နေ့လယ် ၂း၃၀ နာရီတွင် သမ္မတ အိမ်တော်၌ ပြုလုပ်ခဲ့သည်။

ထိုသို့လက်မှတ် မထိုးမီ မွန်ဂို သမ္မတ H.E. Mr. Tsakhia Elbegdorj နှင့် အဖွဲ့ဝင်များက မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်အား နေ့လယ် ၂း၀၀ နာရီတွင် တွေ့ဆုံပြီး နာရီဝက်ခန့်ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော် နှင့် မွန်ဂို သမ္မတ H.E. Mr. Tsakhia Elbegdorj တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

“သမ္မတကြီး နဲ့အိမ်တော်က သံတမန်ဆောင်မှာ တွေ့တဲ့အခိုက်မှာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာရေး၊ ယဉ်ကျေးမှု အပြန်အလှန် ဖလှယ်ရေးက တစ်ဆင့် နှစ်နိုင်ငံ ပြည်သူတွေ အကြား ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး တိုးမြှင့်ဖော်ဆောင်ရေး၊ နှစ်နိုင်ငံကြား ကုန်သွယ်မှု၊ သတ္တု၊ ပညာရေး၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ခရီးသွား လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့စတာတွေကို ဆွေးနွေးကြပါတယ်” ဟု သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော်က မွန်ဂို သမ္မတ H.E. Mr. Tsakhia Elbegdorj ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ ဆွေးနွေးနေစဉ် (ဆင်ဟွာ)
လာမည့် ဇူလိုင်လအတွင်း မွန်ဂိုလီးယားနိုင်ငံက အိမ်ရှင် အဖြစ် ကျင်းပမည့် (၁၁) ကြိမ်မြောက် အာရှ – ဥရောပ အစည်းအဝေးသို့ချစ်ကြည်ရေး ခရီးအဖြစ် တက်ရောက်ပါရန် မြန်မာနိုင်ငံ သမ္မတအား ဖိတ်ကြားခဲ့သည် ဟုလည်း ဦးဇော်ဌေးက ဖြည့်စွက်ပြောသည်။
မွန်ဂိုလီးယား သမ္မတ H.E. Mr. Tsakhia Elbegdorj သည် နေပြည်တော်သို့ယမန်နေ့က ရောက်ရှိခဲ့ပြီး Hiltan Hotel တွင် တည်းခိုခဲ့ကာ ယနေ့နံနက်ပိုင်း၌ နေပြည်တော်ရှိ အမျိုးသား ပြတိုက်သို့သွားရောက်လေ့လာခဲ့သည်။ ထို့နောက် သယံဇာတ နှင့် ပတ်သက်ပြီး The Lake Garden Hotel တွင် ပြုလုပ်သော အလုပ်ရုံ ဆွေးနွေးပွဲသို့သွားရောက်ခဲ့ကာ ၂ း၀၀ နာရီတွင် မြန်မာနိုင်ငံ သမ္မတကြီး ဦးထင်ကျော် နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ၂း၃၀ နာရီတွင် ယဉ်ကျေးမှု ဖလှယ်ရေး နားလည်မှု စာချွှန်လွှာအား လက်မှတ်ရေးထိုးကြပြီး သမ္မတအိမ်တော်မှာပင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ဆက်လက် တွေ့ဆုံခဲ့သည်။

မွန်ဂို သမ္မတ H.E. Mr. Tsakhia Elbegdorj နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အားတွေ့ရစဉ် (ဓာတ်ပုံ-Xinhua/Hein Htet/Pool)

“နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့တွေ့တဲ့အခါ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့တရားဥပဒေ စိုးမိုးရေး၊ မြန်မာနိုင်ငံက ဆောင်ရွက်နေတဲ့ အမျိုးသား ပြန်လည် သင့် မြတ်ရေးနဲ့ငြိမ်းချမ်းရေး၊ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး၊ လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ နောက်ပြီး ဒီမိုကရေစီ အစဉ်အလာကောင်းမှာ ပါဝင်နေတဲ့ မီဒီယာများရဲ့ အခန်းကဏ္ဍ စတာတွေမှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးကို ဆွေးနွေးပါတယ်။ နောက်တစ်ခုက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ရွေးကောက်ပွဲ မတိုင်ခင်က မွန်ဂိုလီးယားကို သွားခဲ့ပြီး အခု ရွေးကောက်ပွဲ အနိုင်ရပြီးတဲ့အခါမှာလည်း ထပ် အလည်လာဖို့မျှော်လင့်နေကြောင်းလည်း မွန်ဂို သမ္မတက ပြောသွားပါတယ် နှစ်နိုင်ငံအကြား ဗီဇာ ကင်းလွတ်ခွင့်ကို လက်ရှိတွင် အစိုးရအဖွဲ့ဝင်များအား ခွင့်ပြုထားပြီး သာမန် ပြည်သူများကို ခွင့် မပြုသေးသည့် ကိစ္စကိုလည်း ဆွေးနွေးနေပြီဖြစ်ရာ မကြာမီ နှစ်နိုင်ငံမှ ပြည်သူများ ဗီဇာကင်းလွတ်ခွင့် ရလာတော့မည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

မွန်ဂိုလီးယား သမ္မတသည် ယနေ့ညပိုင်းတွင် အိမ်တော်၌ တည်ခင်း ဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်မည်ဖြစ်ပြီး မနက်ဖြန်တွင် MICC II ၌ မြန်မာနိုင်ငံဘက်မှ အစိုးရဝန်ထမ်းများ နှင့် တွေ့ဆုံပြီး မွန်ဂိုလီးယားနိုင်ငံ၏ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု အတွေ့အကြုံများကို ရှင်းလင်းပြောကြားမည်။ ထို့နောက် နိုင်ငံပိုင် မီဒီယာနှင့် အင်တာဗျူး ဖြေကြားမည်ဟုလည်း ဦးဇော်ဌေးက ပြောသည်။ ဆက်လက်၍ မွန်ဂိုလီးယား သမ္မတသည် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က တည်ခင်းသည့် နေ့လယ်စာ ကို နေ့လယ် ၁၁ း ၄၅ နာရီတွင် သုံးဆောင်ပြီးသည့်အခါ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သစ်တော၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဗဟိုဘဏ် ဥက္ကဋ္ဌ တို့နှင့် ဆက်လက် တွေ့ဆုံသွားမည်ဖြစ်ပြီး ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကာ ရန်ကုန်မြို့တွင် UMFCCI အဖွဲ့ နှင့် တွေ့ဆုံမည်ဟု သိရသည်။ (Xinhua)