Connect with us

Science & Technology

ရန်ကုန်တိုင်း ဒေသကြီး၏ အမြင့်ဆုံးဓာတ်အားသုံးစွဲမှုမှာ (၁၅၄၈.၂၃) မဂ္ဂါဝပ်ခန့် ရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးတက်သုံးစွဲလာမည့် အခြေအနေအပေါ် ဆောင်ရွက်မည့်အစီအမံများနှင့် စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ-- လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပေးစက်ရုံများ၏ ဓာတ်အားထုတ်လုပ်မှု မှာ ယနေ့အချိန်အထိ(၃၅၈၆) မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီး၏ အမြင့်ဆုံးဓာတ်အားသုံးစွဲမှုမှာ (၁၅၄၈.၂၃) မဂ္ဂါဝပ်ခန့်ရှိ၍ တစ်နိုင်ငံလုံး၏ ထက်ဝက်နီးပါး သုံးစွဲလျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲ လာမည့် အခြေအနေအပေါ် မတ်လ ၉ ရက်နေ့တွင် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် ပြောကြားသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က အဖွင့်အမှာစကားပြောကြားရာ၌ “ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ နှစ်စဉ်(၁၅%) တိုးတက်နေသည့်အတွက် အဆိုပါဓာတ်အားတိုးတက်သုံးစွဲမှုများကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်မှုအပိုင်းအပြင် ဓာတ်အားဖြန့်ဖြူးခြင်း အပိုင်းများကိုလည်း တိုးချဲ့ပြုပြင်ဆောင်ရွက်လျက်ရှိပါတယ်’’ ဟုပြောကြားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ဓာတ်အားသုံးစွဲမှု တိုးမြင့်လာသည်နှင့်အမျှ နွေရာသီဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက် ဓာတ်အားခွဲရုံများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီး ပါကြောင်း၊ သက်တမ်းကြာမြင့်နေပြီဖြစ်သော ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများ အား အဆင့်မြှင့်တင်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဝန်အားပြည့်နေသော ဓာတ်အားလိုင်းများအား အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးတို့အတွက် အလေးအနက်ထား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပင်မဓာတ်အားခွဲရုံမှူးများမှ မိမိတို့ ဓာတ်အားခွဲရုံအလိုက် ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာတပ်ဆင်အင်အားနှင့် ဓာတ်အား သုံးစွဲမှုအခြေအနေ၊ ဝန်အားတိုးတက်လာမှုအတွက် ဆက်လက်တိုးချဲ့ဆောင်ရွက်ရန် လိုအပ်မည့်အစီအမံများအား ရှင်းလင်းတင်ပြကြရာ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်အားစနစ်ဌာန) မှ ခွဲရုံများ၏ လက်ရှိဓာတ်အား ဖြန့်ဖြူးပေးထားမှုအခြေအနေ၊ ချေးငွေများဖြင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေ၊ ဝန်အားပြည့်နေမှုအတွက် Load Sharing ပြုလုပ်မည့်အခြေအနေနှင့် ထပ်မံတိုးချဲ့ဆောင်ရွက်မည့် အခြေအနေတို့အားလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်အားပို့လွှတ်ရေး စီမံကိန်းများဌာန) မှ ၂၃၀ ကေဗွီနှင့် ၅၀၀ ကေဗွီဓာတ်အားလိုင်းများ ဆောင်ရွက်မည့် အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ညွှန်ကြားရေးမှူးချုပ်တို့ မှ ဖြည့်စွက် ရှင်းလင်းတင်ခဲ့ကြောင်း သိရသည်။

၎င်းနောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး မှလျှပ်စစ်ဓာတ်အားတိုးတက်ထုတ်လုပ်မှုနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားပေး စက်ရုံများအား အဆင့်မြှင့်တင်ပြုပြင်မွမ်းမံခြင်း၊ လှော်ကား၊အလုံ၊ရွာမ၊ သာကေတစက်ရုံ များရှိ ပင်မထရန်စဖော်မာများ အဆင့်မြှင့်တင်ရေးဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အထွေထွေမန်နေဂျာမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိဓာတ်အားသုံးစွဲမှုနှင့် တိုးတက်သုံးစွဲလာမည့် အခြေ အနေ၊ System Improvement အဖြစ်ဆောင်ရွက်မည့် အခြေအနေနှင့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့ဆောင်ရွက်မည့်အခြေအနေတို့အားလည်းကောင်း ရှင်းလင်းတင်ပြ ကြပါသည်။ ၎င်းနောက် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များအပေါ် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဖြည့်စွက် ဆွေးနွေးတင်ပြခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက် တွင် ပါရှိသည်။ (Xinhua)