Connect with us

Science & Technology

ကျေးရွာပေါင်း ၁၆၃၀ ရွာ အတွက် ဓာတ်အားလိုင်း ၊ ထရန်စဖော်မာ တည်ဆောက်ရေး လုပ်ငန်း တင်ဒါ အောင်မြင်သည့် ကုမ္ပဏီ ၇ ခုတို့အကြား လုပ်ငန်းအပ်နှံသည့် စာချုပ် လက်မှတ် ရေးထိုး

တည်ဆောက်ရေး လုပ်ငန်း တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများ နှင့် စာချုပ် လက်မှတ် ရေးထိုးစဉ်(ဓာတ်ပုံ - Ministry of Electricity and Energy,Myanmar )

ရန်ကုန် ၊ မတ် ၂၇ ရက်(ဆင်ဟွာ)

လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း နှင့် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက် ရှိသည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း ပဲခူးတိုင်းဒေသကြီး (အရှေ့၊ အနောက်) ၊ ဧရာဝတီတိုင်းဒေသကြီး ၊ မန္တလေး တိုင်းဒေသကြီး ၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် အတွင်းရှိ ကျေးရွာ စုစုပေါင်း ၁၆၃၀ ရွာ အတွက် ဓာတ်အားလိုင်း ၊ ထရန်စဖော်မာ တည်ဆောက်ရေးလုပ်ငန်း တင်ဒါ အောင်မြင်သည့် ကုမ္ပဏီ ၇ ခုတို့အကြား လုပ်ငန်း အပ်နှံသည့် စာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

လုပ်ငန်း တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများ ဖြစ်ကြသည့် Zeya & Associates Co.,Ltd ၊ Now Engineering Co.,Ltd ၊ Hitachi Soe Electric & Machinery Co.,Ltd ၊ Soe Moe Than Co.,Ltd ၊ JV of CNOOD Asia Limited & Danayazar Construction Co.,Ltd ၊ HT-LT Co.,Ltd နှင့် Aung Thaung Co.,Ltd စသည့် ကုမ္ပဏီ (၇) ခုတို့နှင့် မတ် ၂၅ ရက်တွင် နေပြည်တော်၌ လက်မှတ် ရေးထိုးခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ကမ္ဘာ့ဘဏ် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၁၀ ဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ ပထမအဆင့် အနေဖြင့် ဓာတ်အားစနစ်မှ ၂ မိုင်အတွင်း ကျေးရွာ ၅၀၈၀ ရွာကို ဆောင်ရွက်လျက် ရှိကြောင်း လက်မှတ် ရေးထိုးသည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

ယခုအခါ ပထမအဆင့်ပါ ကျေးရွာများအတွက် တည်ဆောက်တပ်ဆင်ခြင်းတင်ဒါကို ကမ္ဘာ့ဘဏ်၏ လုပ်ထုံး လုပ်နည်းများနှင့်အညီစိစစ်ခဲ့ပြီး ဝန်ကြီးဌာနကလည်း အတည်ပြု ထားပြီးဖြစ်ပါ၍ ယခုကဲ့သို့ စာချုပ် ချုပ်ဆိုခြင်း ဖြစ်ကြောင်း သိရသည်။

ပထမအဆင့်ပါ ကျေးရွာများအတွက် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် တည်ဆောက်ရေးတင်ဒါ ၁၂ ခုကို ခေါ်ယူခဲ့ကာ ယခု စာချုပ်ချုပ်ဆိုခြင်း သည် ဆဋ္ဌမ၊ သတ္တမ၊ အဋ္ဌမနှင့် နဝမမြောက်စာချုပ်များအား တစ်ပြိုင်နက် ချုပ်ဆိုခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ အိမ်ထောင်စု စုစုပေါင်း၏ မီးသုံးစွဲသူ ဦးရေမှာ ၃၄ ရာခိုင်နှုန်းခန့်ကိုသာ လျှပ်စစ် ဓာတ်အား ပေးနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် မီးသုံးစွဲသူ ၅၀ ရာခိုင်နှုန်း အထိ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကာ ၂၀၃၀ ခုနှစ်တွင် နိုင်ငံတစ်ဝှမ်းလုံး လျှပ်စစ်ဓာတ်အား ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ဖြန့်ဖြူးပေးနိုင်ရန် စီမံချက်များ ချမှတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)