Connect with us

Science & Technology

သီလဝါ အထူးစီးပွားရေးဇုန်တွင် တတိယမြောက်ဆိပ်ကမ်း ဖွင့်လှစ်

ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး သီလဝါ အထူးစီးပွားရေးဇုန် သီလဝါဆိပ်ကမ်း တွင် အထွေထွေ ကုန်စည်သင်္ဘောနှင့် ကုန်သေတ္တာသင်္ဘောများ ဆိုက်ကပ် နိုင်သည့် တတိယမြောက်ဆိပ်ကမ်းကို မတ် ၂၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

သီလဝါဆိပ်ကမ်း၏ တတိယမြောက် ဆိပ်ကမ်းဖြစ်သည့်Wilmar Jetty အား စတင်ဖွင့်လှစ်လိုက်ပြီး ပထမ အဆင့် ပြီးစီးနေပြီဖြစ်၍ ဖွင့်လှစ် လိုက်ခြင်းဖြစ်ကြောင်း၊ ယင်း ဆိပ်ကမ်းသည် မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တင်ဒါစနစ်ဖြင့် ခေါ်ယူခဲ့ရာ စင်ကာပူအခြေစိုက် စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းစု Wilmar International Limited မှ တင်ဒါအောင်မြင် ခဲ့ခြင်းဖြစ်သည်။ လုပ်ငန်းများကို ၂ဝ၁၂ ခုနှစ်တွင် စာချုပ်လက်မှတ်ရေးထိုး ခဲ့ပြီး ၂ဝ၁၆ ခုနှစ် မတ်လမှ စတင်ကာ သီလဝါဧရိယာဆိပ်ကမ်းမြေ ကွက်အမှတ် ၂ဝ/၂၁ တွင် တည်ဆောက်နေကြောင်း သိရသည်။

”စိုက်ပျိုးရေးထုတ်ကုန်သင်္ဘောတွေ၊ စားအုန်းဆီ တင်သွင်း တဲ့ သင်္ဘောတွေ၊ အခြားကုန်သင်္ဘောတွေ ဆိုက်ကပ်ဖို့ပါ၊ ဒီနေ့ဖွင့်လှစ်လိုက် တာက ပထမအဆင့် ပြီးစီးလို့ ဖွင့်လှစ်လိုက်တာပါ၊ ဒီစီမံကိန်းကြီး တစ်ခုလုံးကို စုစုပေါင်းဆိုရင် ၂ဝ၂၂ ခုနှစ်မှာ အပြီးသတ်နိုင်အောင် ဆောင်ရွက်သွားမယ်လို့ လျာထားပါတယ်” ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မြို့ပြအင်ဂျင်နီယာဌာန ဒုတိယမြို့ပြအင်ဂျင်နီယာချုပ် ဦးတင့်လွင်က ပြောကြားသည်။

ဆိပ်ကမ်းWilmar Jetty သည် ဆိပ်ကမ်း၏ စုစုပေါင်းအလျား ၂၃၂ မီတာရှိပြီး ဆိပ်ခံ အရှည် မီတာ ၃၉ဝ ရရှိသည်အထိ တည်ဆောက်မည်ဖြစ်ပြီး ရေအနက် ၁၃ မီတာရှိကာ သင်္ဘောအရွယ် ၄၉ဝဝဝDWT ရှိ သင်္ဘောကြီးများ ဆိုက်ကပ်နိုင် သည်အထိ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

သီလဝါဆိပ်ကမ်းဧရိယာတွင် အထွေထွေကုန်စည်နှင့် ကုန်သေတ္တာ ဆိပ်ကမ်းများအနေဖြင့် MITTဆိပ်ကမ်းနှင့် MITT ဆိပ်ကမ်းတို့ရှိရာ ယခုဖွင့်လှစ်သောWilmar Jetty သည် တတိယမြောက်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၇ဝ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဆိပ်ခံတံတားအပြင် စားအုန်းဆီသိုလှောင်ထုတ်လုပ်သည့် စက်ရုံများ၊ ဂျုံစက်၊ သကြားစက်၊ ဓာတ်မြေသြဇာစက်ရုံ၊ အရည်အသွေးမြင့် ဆန်စက်များ၊ ဆီအုန်းထုတ်လုပ်သည့် စက်ရုံများနှင့် အခြားကုန်ပစ္စည်း သိုလှောင်ရုံ ကြီးများကိုပါ တည်ဆောက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.