Connect with us

Social

တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်( ကြွက်နှစ် )ကို ဇန်နဝါရီ ၂၅ ရက်တွင် ရန်ကုန်မြို့  ၌ ကျင်းပမည် 

တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်တွင် မီးပုံးများ အလှဆင်ထားမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ခွင့်ပြုချက် အရ ဖူကျန့် တရုတ်အမျိုးသားများအသင်းမှဦးဆောင်၍  တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်  (ကြွက်နှစ်)  ကို  ဇန်နဝါရီ ၂၅ ရက် နှ င့် ၂၆ ရက်တွင်ရန်ကုန်မြို့၊ လသာမြို့နယ် ၌ ကျင်းပ သွားမည်ဖြစ်ကြောင်း၊ ယခုနှစ် တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်ကို  မြန်မာနိုင်ငံတွင် နေထိုင်သည့် လူမျိုးမရွေး ဘာသာမရွေး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန်အတွက် ပျော်ရွှင်ဖွယ်ဂိမ်းစားခြင်းများထည့်သွင်း၍ ပိုမိုစည်ကားစေရန် စီစဉ်ထားကြောင်း  တရုတ်တန်းပွဲတော် ဖြစ်မြောက်ရေး ခေါင်းဆောင် ကိုနေလင်းမောင် က ဆင်ဟွာကို ပြောသည်။ 

“အရှေ့ ၃ နှစ်မှာ တရုတ်နှစ်ကူးကိုလာကြာတဲ့ အခါ  ပြည်သူတွေက မီးပုံးတွေ နဲ့ ဓာတ်ပုံရိုက်၊ စတုဒိသာစားပြီး ပြန်တယ်။ အဲ့လို မဟုတ်ပဲ ပျော်ရွှင်စေချင်တယ်။ ဒါကြောင့်ဒီနှစ်မှာ  ပြည်သူတွေ ကို ပျော်ရွှင်ဖို့ ရအောင် ဆိုပြီး ဂိမ်းကစားတဲ့ အစီအစဉ် ကို ထည့်သွင်းထားပါတယ်။ အစီအစဉ် သစ်တွေ ပါဝင်လို့  ဒီနှစ် နှစ် ကူး က ပိုစည်ကားမယ် လို့ ထင်ပါတယ်။’’ ဟု ကိုနေလင်းမောင်က ပြောသည်။

တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်တွင် မီးပုံးများ အလှဆင်ထားမှုအားတွေ့ရစဉ် (ဆင်ဟွာ) 

တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်  (ကြွက်နှစ်) အား ဖူကျန့်တရုတ်အမျိုးသားများအသင်း ၊ မြန်မာနိုင်ငံတရုတ်ကုန်သည်ကြီးများအသင်း၊ ရန်ကုန်ယူနန်အသင်း၊ မြန်မာနိုင်ငံကွမ်တုန်ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ တရုတ်အမျိုးသားကုသိုလ်ဖြစ်အသင်းနှင့် ရွှေသံလွင်ကုမ္ပဏီအုပ်စုတို့ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများကို ကိုယ်စားပြု၍ ယခုကဲ့သို့ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အများပြည်သူဆော့ကစားနိုင်ရန်  ဂိမ်းပေါင်း ၃၁ မျိုးထည့်ပေးထားကြောင်း၊ အဆိုပါဂိမ်းကစားနည်းများ အား မည်သူမဆို အခမဲ့ ကစားနိုင်မည်ဖြစ်ကြောင်း၊  ဂိမ်း တစ်မျိုး ကစားပြီးတိုင်း တံဆိပ်တုံး တစ်တုံးထုပေးမည်ဖြစ်ကြောင်း၊  ဂိမ်း ၅ ခါ ကစားပြီးလို့ တံဆိပ်တုံး ၅ တုံးပြည့်သွားပါက  ဗလာမပါကံစမ်းမဲ ကံစမ်းနိုင်ကြောင်း ဆိုသည်။

“ ဂိမ်း က နိုင်ဖို့ မလိုဘူး။ ဝင်ကစားရုံနဲ့ ရပါပြီ။  ကံစမ်းမဲက မုန့်တွေပေးမယ်။ အရုပ်တွေ ပေးမယ်။ လသာလမ်းအပေါ်ဘလောက် တစ်ခုလုံးမှာ  တရုတ်တန်း မုန့် စားတန်း ဆိုပြီး ကဏ္ဍ အသစ်တစ်ခု ပါပါတယ်။ မုန့်ဆိုင်ပေါင်း ၄၀ ကျော် ကိုခင်းကျင်းပေးထားပါတယ်။ ဗဟာဗန္ဓုလ လမ်းတစ်လျှောက်မှာ လည်း စတုဒိသာ ကျွေးမွေးမယ့် အစီအစဉ်တွေ လည်းရှိပါတယ်’’ ကိုနေလင်းမောင် ကပြောသည်။

လသာမြို့နယ် (တရုတ်တန်း)မှာ နှစ်သစ်ကူး အလှဆင်မီးပန်းများနှင့် 3D Photobooth ၆ ခုအား နေရာအနှံ့ထားရှိမည်ဖြစ်ကြောင်း၊ လသာလမ်းအောက်ဘက်တွင်  ဇော်ပိုင်၊ R ဇာနည်၊ ချောစုခင်၊ ဖြိုးပြည့်စုံ တို့အပါအဝင် နာမည်ကြီး အဆိုတော် ၇ ဦး ဖျော်ဖြေမည့် စတိတ်ရှိုးပွဲ ကိုလည်း မည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ 

ဖေဖော်ဝါရီ ၂၆ ရက်ညနေပိုင်းတွင် ဖူကျန့်တရုတ်အမျိုးသား လူငယ်အသင်းက ဦးဆောင်ပြီး သံဃာတော် အပါး ၁၀၀၀ နှင့် သီလရှင် အပါး ၅၀၀ ကို ဆွမ်းဆန် စိမ်းလောင်းလှူသွားမည် ဖြစ်ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ ခြင်္သေ့နဂါးအကအဖွဲ့ချုပ်ကကြီးမှူး၍ (၁၅) ကြိမ်မြောက် တရုတ် ရိုးရာ ခြင်္သေ့နဂါးအကအလှစွမ်းရည်ပြိုင်ပွဲကို ဇန်နဝါရီ ၂၆ ရက်မှ ၃၀ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ လသာ မြို့နယ် စဉ်.အိုးတန်းလမ်း(အထက်လမ်း)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)