Connect with us

Social

မသန်စွမ်း ဆိုင်ရာလုပ်ငန်းများတွင် မီဒီယာများ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၂၈ ရက်(ဆင်ဟွာ)

မသန်စွမ်းသူများ၏ မိမိဂုဏ်သိက္ခာဖြင့် ကိုယ် ရပ်တည် နေထိုင်နိုင်ရေး လုပ်ငန်းများတွင် မီဒီများက ပူးပေါင်း ဆောင်ရွက်ပေးရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ယနေ့နံနက် တိုက်တွန်း ပြောကြားခဲ့သည်။

“မသန်စွမ်းသူများ ကိုယ့် ဂုဏ်သိက္ခာနဲ့ကိုယ် ရပ်တည် နေထိုင်ရေး အတွက် အစိုးရ ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေ အားလုံးက ဘက်ပေါင်းစုံက ဆောင်ရွက်ကြဖို့ လိုပါတယ်၊ မသန်စွမ်း သူတွေကို သူ့ ဂုဏ်သိက္ခာနဲ့ သူ နေနိုင်တဲ့ အသိုက် အဝန်းဖြစ်အောင် ဖော်ဆောင်ပေးရာမှာ မီဒီယာများရဲ့ ကဏ္ဍကို အားကိုးတယ်၊ မီဒီယာများ ပူးပေါင်း ဆောင်ရွက်ကြပါလို့ ကျွန်တော်အနေနဲ့ တိုက်တွန်းပါတယ်” ဟု နေပြည်တော် Hotel Amara တွင် ကျင်းပသည့် မသန်စွမ်းမှု နှင့် မီဒီယာ အလုပ်ရုံ ဆွေးနွေးပွဲ၌ ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့ခြင်း ဖြစ်သည်။

ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်း အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

မိမိတို့ဝန်ကြီးဌာနသည် လူသား တစ်ဦးချင်းစီ၏ ရပ်တည်မှု ဖွံ့ဖြိုး တိုးတက်မှုကို ဆောင်ရွက်နေကြောင်း၊ လူတစ်ဦးချင်း ရပ်တည်ရန်အတွက် ရသင့်ရထိုက်သော လူမှု အခွင့်အရေးများ ရရှိဖို့ လိုအပ်ပြီး လူ့ ဂုဏ်သိက္ခာနှင့် ပြည့်စုံသော အသိုက်အဝန်းထဲမှာ နေထိုင်နိုင်ဖို့ လိုအပ်ကြောင်း၊ ဖွံ့ဖြိုး မသန်စွမ်းသူများ ခွင့်အရေးအတွက် အစိုးရဘက်က အတော်များများ ဆောင်ရွက်ထားရှိကြောင်း၊ တက်ကြွသည့် မသန်စွမ်းအဖွဲ့အစည်းများလည်း ရှိကြောင်း၊ မသန်စွမ်းသူများ အခွင့်အရေးအတွက် ဥပဒေ၊ နည်းဥပဒေများ ပြဌာန်းထားပြီး ဖြစ်ကြောင်း၊ အမျိုးသား ကော်မတီ၊ လုပ်ငန်း ကော်မတီများ လည်း ဖွဲ့စည်း့ပြီး လုပ်ငန်းစဉ်များလည်း ချမှတ်ပြီးဖြစ်ကြောင်း၊ သို့ရာတွင် ထိုသို့ ဆောင်ရွက်ထား သည်တို့ကို မသန်စွမ်းသူများ ကိုယ်တိုင်က သေသေချာချာ သိဖို့ လိုကြောင်း၊ နောက်တစ်ချက်က ပြည်သူပြည်သားများ၏ အမြင်၊ မသန်စွမ်းသူများအပေါ် ရှုမြင် သုံးသပ်မှုကလည်း ပြောင်းလဲလာ ဖို့လိုကြောင်း၊ အစိုးရဘက်ကလည်း မသန်စွမ်းသူများ၏ စိတ်ခံစားမှုနှင့် သူတို့၏ အခက်အခဲများ၊ လိုအပ်ချက်များကို သိဖို့ လိုကြောင်း၊ ပတ်ဝန်းကျင်မှာ သွားလာနိုင်ဖို့ မှအစ လိုအပ်ချက်များစွာ ရှိနေကြောင်း၊ ထိုလိုအပ်ချက်များ ဖြည့်ဆည်းပေးရန် အစိုးရအနေဖြင့် အလွန် တက်ကြွသော မသန်စွမ်း အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ မသန်စွမ်းသူများသည် မသန်သော်လည်း စွမ်းသည့် နေရာမှာ စွမ်းကြကြောင်း၊ ပိုပြီး စွမ်းနိုင်သမျှ စွမ်းလာစေရန် သူတို့ ရပ်တည်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှုကို ဝိုင်းဝန်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ သို့ သော် တချို့ (မီဒီယာ)က မသန်စွမ်း များကို သနားစဖွယ်၊ အစောင့်ရှောက်ခံ၊ အနှိမ်ခံလေး စသဖြင့် ဇာတ်နာအောင် သရုပ်ဖော်ခြင်းများ ရှိကြောင်း၊ ၎င်း တို့၏ စွမ်းဆောင်ချက်၊ ၎င်းတို့ကို စွမ်းဆောင်နိုင်အောင် မည်သို့ပံ့ပိုးမည်နည်းဆိုသည့် အချက်၊ လူမှု စီးပွား ဖွံ့ဖြိုး တိုးတက်ရေးမှာ၊ ၎င်း တို့ ရပ်တည်နိုင်ရေးမည်သို့ ဆောင်ရွက်နိုင်သည် ဆိုတာကို ဖော်ညွှန်းဖို့လည်း လိုအပ်ကြောင်း၊ ၎င်းတို့ကို အာရုံစိုက်ရန် အရေးကြီးသော်လည်း ၎င်းတို့၏ စွမ်းဆောင်နိုင်မှုကို ဖော်ပြပေးနိုင်ဖို့လည်း လိုအပ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

မသန်စွမ်းမှု နှင့် မီဒီယာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြစဉ်(ဆင်ဟွာ)

မတ်လ ၂၈ ရက်နှင့် ၂၉ ရက် နှစ်ရက်တာ ပြုလုပ်မည့် အဆိုပါ ဆွေးနွေးပွဲသို့ ပြန်ကြားရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းလည်း တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဒုတိယ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်အချို့၊ ရွှေမင်းသား ဖောင်ဒေးရှင်း၊ UNICEF, VSO (Voluntary Service Overseas) တို့မှ ကိုယ်စားလှယ်များ၊ နိုင်ငံပိုင် သတင်းဌာန အချို့မှ ကိုယ်စား လှယ်များ တက်ရောက် ခဲ့ကြကာ မသန်စွမ်းသူများ ဖွံ့ဖြိုး တိုးတက်ရေး၊ အခွင့်အရေး ဆိုင်ရာ လုပ်ငန်းများ၊ ဥပဒေ၊ နည်း ဥပဒေများ၊ အလုပ်အကိုင်ရရှိရေး၊ မသန်စွမ်းမှု စစ်တမ်း ကောက်ယူရေး စသည်တို့ကို တင်ပြ ဆွေးနွေးကြမည်ဟု သိရသည်။(Xinhua)