Connect with us

Social

အရည်အသွေးမီ ဆန်တင်ပို့နိုင်ရေး ပိုမိုပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ သန်းမြင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ)

နိုင်ငံတကာ ဆန်ဈေးကွက်များအတွင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် သက်ဆိုင်ရာ ကုန်သည် လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ အရည်အသွေး စစ်ဆေးရေး အဖွဲ့များက ပိုမို တွန်းအားပေး ပူးပေါင်း ဆောင်ရွက်ကြရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က ယနေ့ တိုက်တွန်း ပြောကြားခဲ့သည်။

“မြန်မာ့ ဆန်စပါး ကုန်သွယ်မှုဟာ လုပ်ငန်း နယ်ပယ် အလွန်ကျယ်ပြန့်တဲ့အတွက် ရှုပ်ထွေးမှု၊ စိန်ခေါ်မှု၊ အခက်အခဲများစွာကို အကန့်အသတ်တွေနဲ့ ဆောင်ရွက်နေရတာဖြစ်လို့ ဒီ စိန်ခေါ်မှု တွေကို အဆင်ပြေ ချောမွေ့စွာ ကျော်ဖြတ်နိုင်ဖို့ အထူးလိုအပ်ပါတယ်” ဟုလည်း ၎င်းက ပြောခဲ့ သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူး ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးအောင်သန်းဦး ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

အရည်အသွေးမီ ဆန်များ တင်ပို့နိုင်ရေး ဆွေးနွေးပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော် စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေး ဝန်ကြီးဌာန၌ယနေ့ပြုလုပ်သည့် ‘နိုင်ငံတကာ ဈေးကွက်များ၌ ခိုင်မာသည့် ဈေးကွက် တည်ဆောက်နိုင်ရေးနှင့် အရည်အသွေး ပြည့်မီသည့် ဆန်များ တင်ပို့နိုင်ရေးညှိနှိုင်း အစည်းအဝေး’ တွင် ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့ခြင်း ဖြစ်ပြီး အိုင်ဗရီကို့စ် နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ကိစ္စအပေါ် သင်ခန်းစာယူပြီး ဆွေးနွေးကြရမှာ ဖြစ်ကြောင်း၊ ဆန် တင်ပို့မှုမှာ ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၆ မက်ထရစ်တန် တင်ပို့နိုင်ခဲ့ကြောင်း၊ နယ်စပ်မှ ပို့သည့် ပမာဏနှင့် ရေကြောင်းမှ ပို့သည့် ပမာဏတို့သည် ထက်ဝက်ခန့်စီရှိကြောင်း၊ ယခု အိုင်ဗရီကို့စ် ကဲ့သို့ ပြသနာမျိုး မရှိခဲ့ကြောင်း၊ ထိုအချက်မှာ ဆန်စပါး ထုတ်လုပ်သူများရော အိတ်စပို့တာများ၊ ကုန်သည်များကပါ ဆန်တင်ပို့ခြင်း လုပ်ငန်းကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်သည် ဟု သက်သေပြ ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခု ကိစ္စကို အဆင့်ဆင့်လိုက်ပြီး ထိုသို့ထပ်မဖြစ်စေရန် မည်သို့ ဆောင်ရွက်ကြ မည်ကို ဆွေးနွေးကြရမှာဖြစ်ကြောင်း၊ လယ်ယာထုတ်ကုန်များ ဈေးကွက်ရရရေးတွင် အရည်အသွေး ပြည့်မီဖို့က အရေးကြီးကြောင်း၊ လယ်သမားများဘက်က ထုတ်လုပ်မှု ကောင်းသည့်တိုင် စပါး ဝယ်ယူ၊ ကြိတ်ခွဲ၊ သယ်ပို့၊ သိုလှောင်၊ ဖြန့်ချိ စသည့် Logistic အဆင့်များကလည်း အရေး ကြီး ကြောင်း၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့များ၏ မှန်ကန်တိကျမှုသည်လည်း အလွန်အရေးကြီး ပါကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

ယနေ့ ညှိနှိုင်း အစည်းအဝေးတွင် ပြည်ပသို့ ဆန်သင်္ဘောတင်ပို့မှု၊ သင်္ဘောတင်ရန် စစ်ဆေးခြင်း၊ ဆန် သယ်ယူ ပို့ဆောင် သိုလှောင် ကိစ္စများကို ဆွေးနွေးကြရာ အစည်းအဝေးသို့ တက်ရောက်လာသည့် ပြည်ပသို့ ဆန်တင်ပို့သည့် ကုမ္ပဏီများ၊ ပြည်ပ ပို့ကုန် အရည်အသွေး စစ်ဆေးသည့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများက ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

မြန်မာ့ဆန် တန်ချိန် ၁၈၀၀၀ကို အိုင်ဗရီကို့စ်နိုင်ငံက စားသုံးရန် မသင့်ဟု ဆိုကာ ဖျက်ဆီးခဲ့သည့် သတင်း များ ထွက်ပေါ်အပြီး ရန်ကုန်မြို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၌ သတင်းမီဒီယာနှင့် တွေ့ဆုံ ပြီး ‘မြန်မာ့ဆန် အရည်အသွေး ညံ့ခြင်းကြောင့် မဟုတ်ကြောင်း’ ရှင်းလင်းခဲ့ပြီး နောက်တစ်နေ့၊ ဧပြီ ၂၃ ရက်တွင် ယခု အစည်းအဝေးကို ကျင်းပခြင်း ဖြစ်သည်။

ပြည်ပသို့ဆန်တင်ပို့မှုမှာ ၂၀၁၇ – ၁၈ တွင် ကုမ္ပဏီ ၈၃ ခု တို့က ပင်လယ်ရေကြောင်းမှ ဆန်တန်ချိန် ၁ဒသမ ၂ သန်း၊ တန်ဖိုးအားဖြင့် (အမေရိကန်ဒေါ်လာ ၃၈၁ သန်း)၊ ကုမ္ပဏီ ၁၅၅ ခုတို့က နယ်စပ်မှ ဆန်တန်ချိန် ၁ဒသမ ၇ သန်း( အမေရိကန် ဒေါ်လာ ၅၉၅ သန်း)၊ ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီ ၇၀ တို့က ပင်လယ်ရေကြောင်းမှ ဆန်တန်ချိန် ၈ ဒသမ ၅ သိန်း(အမေရိကန်ဒေါ်လာ ၂၈၈ သန်းဖိုး)၊ ကုမ္ပဏီ ၁၀၃ ခုတို့က နယ်စပ်မှ ဆန်တန်ချိန် ၁ ဒသမ ၀၇ သန်း(အမေရိကန်ဒေါ်လာ ၃၅၉ သန်းဖိုး) တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။(Xinhua)