Connect with us

Culture

ရန်ကုန်မြို့၌ တရုတ် ရိုးရာ ခြင်္သေ့ ၊ နဂါး အကအလှ စွမ်းရည် ပြိုင်ပွဲ ကျင်းပ 

တရုတ် ရိုးရာ ခြင်္သေ့ ၊ နဂါး အကအလှ စွမ်းရည် ပြိုင်ပွဲ ကျင်းပမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

 

ရန်ကုန် ၊ ဇန်နဝါရီ ၂၇ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့ ၊ လသာ မြို့နယ် စဉ့်အိုးတန်းလမ်း(အထက်)၌ ၁၅ ကြိမ်မြောက် တရုတ် ရိုးရာ ခြင်္သေ့ ၊ နဂါး အက အလှ စွမ်းရည် ပြိုင်ပွဲကို ဇန်နဝါရီ ၂၆ ရက်တွင် ဖွင့်ပွဲ အခမ်းအနား နှင့် အတူ စတင် ဖွင့်လှစ် ကျင်းပခဲ့သည်။“ဒီနှစ်ကတော့ ထူးထူးခြားခြားအနေနဲ့ တရုတ်ပြည်က ပေ ၁၆၀ ရှိတဲ့ နဂါးအရှည် မှာယူပြီး ဒီနှစ်သစ်ကူး ပွဲတော် မှာ လာရောက် သရုပ်ပြမှာ ဖြစ်ပါတယ်။ ၁၅ ကြိမ်မြောက်မှာ ထူးထူးခြားခြား အနေနဲ့ တရုတ်နိုင်ငံက နှစ်သင်း ၊ ထိုင်းနိုင်ငံ နှစ်သင်း လာရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေက ခြင်္သေ့ပြိုင်ပွဲဝင် ၁၄သင်း ယှဉ်ပြိုင် မှာ ဖြစ်ပြီး နိုင်ငံခြားအသင်းအနေနဲ့ ၄ သင်း ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ပြည်တွင်း နဂါး အရှည် ပြိုင်ပွဲ အနေနဲ့ စုစုပေါင်း ၉သင်း ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။”ဟု မြန်မာနိုင်ငံ ခြင်္သေ့ ၊ နဂါး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ပြိုင်ပွဲ ကျင်းပရခြင်းမှာ နှစ်ကူးအချိန်အခါတွင် တရုတ် ရိုးရာ ခြင်္သေ့ ၊ နဂါး အက မပပျောက် စေရေး နှင့် အချင်းချင်း စည်းလုံး ညီညွှတ်မှု ၊ ရိုင်းပင်း ကူညီမှုများ ရရှိစေပြီး မိဘပြည်သူများ ပျော်ရွှင် လန်းဆန်းစွာ နှစ်သစ်ကူးတွင် အပန်းပြေ ကြည့်ရှုနိုင်ရန် ရည်ရွယ်၍ နှစ်စဉ် ကျင်းပရခြင်း ဖြစ်ကြောင်း ၊ အဖွဲ့ချုပ် အနေဖြင့် ခြင်္သေ့ ၊ နဂါး အက စွမ်းရည်ကို နိုင်ငံတကာ နှင့် အမြဲ ယှဉ်ပြိုင် သွားနိုင်ရန် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်က ပြောကြားခဲ့သည်။

တရုတ် ရိုးရာ ခြင်္သေ့ ၊ နဂါး အကအလှ စွမ်းရည် ပြိုင်ပွဲ ကျင်းပမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ပြိုင်ပွဲတွင် ဖွင့်ပွဲ အခမ်းအနား နှင့် အတူ တရုတ် ရိုးရာ ခြင်္သေ့ စွမ်းရည် ပြိုင်ပွဲအား ဇန်နဝါရီ ၂၆ ရက်မှ စတင်ကာ ဇန်နဝါရီ ၂၈ ရက် အထိ အုပ်စု ပြိုင်ပွဲများ ပြုလုပ်သွားမည် ဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက်တွင် ဗိုလ်လုပွဲ ကျင်းပ သွားမည် ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်မှ စ၍ နိုင်ငံတကာ ဖိတ်ခေါ် ပြိုင်ပွဲ အဖြစ် တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ အသင်း နှစ်သင်း ၊ ထိုင်းနိုင်ငံမှ အသင်း နှစ်သင်း ၊ အုပ်စု ပြိုင်ပွဲတွင် အမှတ်အများဆုံး အသင်း ခြောက်သင်း နှင့် ၂၀၁၉ ခုနှစ် Championship မိုးနဂါး ခြင်္သေ့ အသင်း စုစုပေါင်း အသင်း ၁၁ သင်းဖြင့် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

တရုတ် ရိုးရာ ခြင်္သေ့ ၊ နဂါး အကအလှ စွမ်းရည် ပြိုင်ပွဲ ကျင်းပမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နှစ်သစ်ကူး ၊တရုတ်တန်းတစ်လျှောက် မီးပုံးများထွန်းထားသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)

ထို့အတူ တရုတ် ရိုးရာ နဂါး စွမ်းရည် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်းများသည် ဇန်နဝါရီ ၃၀ ရက်တွင် ယှဉ်ပြိုင် သွားမည် ဖြစ်ပြီး ပြိုင်ပွဲ အပြီးတွင် ဆုပေးပွဲ အခမ်းအနားကို တစ်ပါတည်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲ စတင် ကျင်းပသည့် ပထမနေ့တွင် ၂၀၁၉ ခုနှစ် Championship ဆုရရှိထားသော မိုးနဂါး ခြင်္သေ့ အသင်းက သရုပ်ပြ ဖျော်ဖြေခြင်း ၊ ထိုင်းတော်ဝင် မင်းသမီး (သီရိဒုံ) နိုင်ငံတကာ ဖိတ်ခေါ် ပြိုင်ပွဲတွင် ရရှိခဲ့သော ဒုတိယ ဆုဖလားအား မြန်မာနိုင်ငံ ခြင်္သေ့ ၊ နဂါး အဖွဲ့ချုပ် ထံသို့ Y.S.L အသင်းက အပ်နှင်းခြင်း နှင့် သရုပ်ပြ ဖျော်ဖြေခြင်း ၊ 2019 China Asean Lion King Championship(1st Runner-Up) ၊ 2019 Guangxi World Lion King Championship(1st Runner-Up) ၊ 2019 Malaysia on Water High Pole Lion Dance Championship(2nd Runner-Up) ဆုရှင် L.D.C.R အသင်း၏ ဆုတံဆိပ် အပ်နှင်းခြင်း နှင့် သရုပ်ပြ ဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ၁၅ ကြိမ်မြောက် တရုတ် ရိုးရာ ခြင်္သေ့ ၊ နဂါး အကအလှ စွမ်းရည် ပြိုင်ပွဲကို မြန်မာနိုင်ငံ ခြင်္သေ့ ၊ နဂါး အဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)