Connect with us

Culture

၂၀၂၀ တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်အား ပြည်တွင်း ၊ ပြည်ပမှ လူအများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ 

၂၀၂၀ တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်အား ရန်ကုန်မြို့ ၊ လသာမြို့နယ်ရှိ တရုတ်တန်း တစ်လျောက်၌ ယနေ့ ဇန်နဝါရီ ၂၅ ရက်တွင် ပွဲတော် ဖွင့်ပွဲ အခမ်းအနား နှင့် အတူ စည်ကားသိုက်မြိုက်စွာဖြင့် စတင် ဖွင့်လှစ် ကျင်းပခဲ့ရာ ဒေသခံ ပြည်သူများ အပါအဝင် ပြည်ပမှ ခရီးသွား ဧည့်သည်များပါ ပျော်ရွှင်စွာ ပါဝင် ဆင်နွဲလျက် ရှိသည်။

ပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ရန်ကုန် မြို့မှာ ကျင်းပတဲ့ တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်ဟာ ကျွန်တော်တို့ မြို့ပြရဲ့ သင်္ကေတတစ်ခု ဖြစ်ပါတယ်။ နိုင်ငံတကာ အဝန်းအဝိုင်းရဲ့ အလယ်မှာ မြန်မာနိုင်ငံမှာရှိတဲ့ Chinatown ဖြစ်တဲ့ တရုတ်တန်းမှာ အခုလို ရိုးရာပွဲတော် တစ်ခုကို ကျင်းပနေတယ်။ တရုတ်လူမျိုးတွေရဲ့ နှစ်သစ်ကူးအခါသမယကို ကျင်းပနေတယ် ဆိုတာကို ကမ္ဘာတစ်ဝှမ်းက ခရီးသွားဧည့်သည်တွေ၊ မြန်မာနိုင်ငံကို စိတ်ဝင်စားတဲ့သူတွေအတွက် တကယ့်ကို ခရီးသွားကဏ္ဍမှာ အထောက်အကူဖြစ်စေနိုင်တဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ဒီကဏ္ဍတွေကို ပိုမို ဖွံ့ဖြိုး တိုးတက်လာဖို့ အတွက် ဒီအရပ်ဒေသမှာ နေထိုင်ကြတဲ့ ပြည်သူလူထုတွေက ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။”ဟု အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

ရန်ကုန်မြို့တော်ကြီး ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံသူ ၊ နိုင်ငံသား အားလုံး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြရန် လိုသကဲ့သို့ ယခုလို ရိုးရာယဉ်ကျေးမှုပွဲများတွင်လည်း အားလုံး အတူတကွ ပူးပေါင်းပြီး ရန်ကုန်မြို့တော်၏ မတူညီမှုများ နှင့် လူမျိုးပေါင်းစုံ ချစ်ကြည် ရင်းနှီးစွာ နေထိုင်ကြသော ရန်ကုန်မြို့တော်ကြီး၏ အစဉ်အလာကို ထိန်းသိမ်း ခြင်းဖြင့် တရုတ်ရိုးရာ နှစ်သစ်ကူးအခါသမယ၌ အားလုံး အတူတကွ ပျော်ပျော်ရွှင်ရွှင်ဖြင့် စည်ကား သိုက်မြိုက်စွာ ဖြတ်သန်း ကြရမည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ယာယီ တာဝန်ခံ ၊ သံမှူးကြီး ဒေါ်နွဲ့ကလျာ(Ms.Li Xiaoyan)က တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်သည် တရုတ်ယဉ်ကျေးမှုကို ကိုယ်စားပြုမှု အရှိဆုံး အမှတ်သင်္ကေတတစ်ခုဖြစ်ကြောင်း ၊ မြန်မာနိုင်ငံရောက် တရုတ်နွယ်ဖွား ညီအစ်ကို မောင်နှမများမှာ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ အခြေကျ နေထိုင်ခဲ့ကြပြီး နှစ်ပေါင်းများစွာကတည်းက မြန်မာတိုင်းရင်းသားပြည်သူအသီးသီးတို့နှင့် အတူ တရုတ်နှစ်သစ်ကူးနွေဦးပွဲတော်ကို ဆင်နွှဲကြလေ့ရှိကြခြင်းသည် သာယာကောင်းမွန်သည့် လူနေမှု ဘဝအပေါ် လိုလားတောင့်တချက်ကို ဖော်ပြလေ့ရှိကြောင်း ၊ ယင်းမှာ တရုတ်-မြန်မာနှစ်နိုင်ငံယဉ်ကျေးမှုဆက်နွယ်ပြီး ပြည်သူအချင်းချင်း စိတ်ချင်းချိတ်ဆက်နေမှုကို သက်ဝင်လှုပ်ရှားစွာ ဖော်ပြနေကြောင်း အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံရုံးမှ ယာယီ တာဝန်ခံ ၊ သံမှူးကြီး ဒေါ်နွဲ့ကလျာက အဖွင့်အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်တွင် နှစ်သစ်ကူး မင်္ဂလာမုခ်ဦးအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ယာယီတာဝန်ခံ ၊ သံမှူးကြီး ဒေါ်နွဲ့ကလျာ နှင့် ဖူကျန့်တရုတ် အမျိုးသားများ အသင်း ဥက္ကဋ္ဌ ဦးကျင်ပိန်တို့က စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲ အခမ်းအနားအား တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ယခုနှစ် ရန်ကုန်မြို့၌ ကျင်းပသော တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်အား ဇန်နဝါရီ ၂၅ ရက် နှင့် ၂၆ ရက်တို့တွင် တရုတ်တန်း တစ်လျှောက် ရိုးရာဖျော်ဖြေရေးအစီအစဉ်များ၊ ပျော်ပွဲရွှင်ပွဲများနှင့် Live show အစီအစဉ်များဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ရန်ကုန်မြို့၌ ကျင်းပသော တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့သူ အင်းစိန်မြို့နယ်နေ မမြမြအိက “ပွဲတော်မှာ ပါဝင် ဆင်နွဲရတာ အပြင်အဆင်တွေကလဲ အရမ်းကို လှပပြီးတော့ ပျော်ရွင်ပါတယ်။ ပြီးတော့ လူမျိုး မရွေးလဲ လာပြီးတော့ ဒီမှာ ပျော်ရွင်ကြတာလဲ တွေ့ရတယ်။ ဒီလိုပွဲတော်မျိုးက တရုတ်-မြန်မာ ချစ်ကြည်ရေးကိုလဲ အထောက်အကူ ဖြစ်မယ်လို့ ထင်ပါတယ်။ နှစ်နိုင်ငံချစ်ကြည်ရေးအတွက်ကို  လူတိုင်းက စိတ်ထဲမှာပါဝင် တတ်ကြွစွာ ပူးပေါင်းလုပ်ဆောင်မှသာ အောင်မြင်မှာပေါ့နော်။”ဟု ပြောကြားခဲ့သည်။

၂၀၂၀ တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပမှု မြင်ကွင်းများ(ဆင်ဟွာ) 

မြန်မာနိုင်ငံဖွား တရုတ်လူမျိုး တစ်ဦး ဖြစ်သူ ဦးလှအောင်က “တရုတ်ရိုးရာ နှစ်သစ်ကူး ပွဲတော် လုပ်တာ ဒီနှစ်ကတော့ လေးနှစ်မြောက် ဖြစ်သွားပါပြီ။ ကျွန်တော်ကလဲ နှစ်တိုင်း တက်ပါတယ်။ ဒီပွဲတော်ဟာ တရုတ်ရိုးရာ နှစ်သစ်ကူး ယဉ်ကျေးမှု ဖြစ်ပါတယ်။ ကျွန်တော်တို့လဲ တစ်နှစ်တစ်ကြိမ် ဒီမှာ လာပြီးတော့ တရုတ်လူမျိုးတွေတင်မကပါဘူး။ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ အားလုံး ဒီမှာ တစ်နှစ်တစ်ကြိမ် ဆုံစည်းရတဲ့ အတွက် အများကြီး ပီတိ ဖြစ်ပါတယ်။ ဒီပွဲတော် လုပ်တဲ့ အခါမှာ တရုတ်-မြန်မာရဲ့ ချစ်ကြည်ရေးကို အဓိက ရည်ရွယ်ပြီးတော့ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ တရုတ်ရဲ့ ရိုးရာ နှစ်သစ်ကူး ယဉ်ကျေးမှုကို အားလုံး ဝိုင်းပြီး ခံစားနိုင်အောင် ၊ နှစ်သစ်ကူးရဲ့ အနှစ်သာရ ခံစား နိုင်အောင် ခင်းကျင်း ကျင်းပပါတယ်။” ပွဲတော်တွင် ပါဝင် ဆင်နွှဲရသည့် ခံစားမှုကို ပြောကြားခဲ့သည်။

၂၀၂၀ တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပမှု မြင်ကွင်းများ(ဆင်ဟွာ) 

၂၀၂၀ ပြည့်နှစ် တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုချက်အရ ဖူကျန့် တရုတ်အမျိုးသားများအသင်းမှ ဦးဆောင်၍ မြန်မာနိုင်ငံတရုတ်ကုန်သည်ကြီးများအသင်း၊ ရန်ကုန်ယူနန်အသင်း၊ မြန်မာနိုင်ငံကွမ်တုန်းကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ တရုတ်အမျိုးသားကုသိုလ်ဖြစ်အသင်းနှင့် ရွှေသံလွင်ကုမ္ပဏီအုပ်စုတို့ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများကို ကိုယ်စားပြု၍ ယခုကဲ့သို့ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ် တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်တွင် ပျော်ပွဲရွှင်ပွဲများ ၊ ဖျော်ဖြေရေးအစီအစဉ်များ အပြင် ဖေဖော်ဝါရီ ၂၆ ရက်တွင် လမ်းမတော်လမ်းမှ ဘုရားလမ်း အထိ သံဃာ နှင့် သီလရှင် အပါး ၁၅၀၀ အား ဆွမ်းဆန်စိမ်း လောင်းလှူခြင်း ၊ မြန်မာနိုင်ငံ ခြင်္သေ့ နဂါးအက အဖွဲ့ချုပ်ကကြီးမှူး၍ (၁၅) ကြိမ်မြောက် တရုတ် ရိုးရာ ခြင်္သေ့ နဂါး အက အလှ စွမ်းရည် ပြိုင်ပွဲကို ဇန်နဝါရီ ၂၆ ရက်မှ ၃၀ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ လသာ မြို့နယ် စဉ့်အိုးတန်းလမ်း(အထက်လမ်း)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ ၊ လသာမြို့နယ်ရှိ တရုတ်တန်း၌ တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်အား ၂၀၁၇ ခုနှစ်မှ စတင်၍ နှစ်စဉ် ကျင်းပ လာခဲ့ရာ ယခုနှစ်တွင် စတုတ္ထ အကြိမ်မြောက် ရှိလာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)