Connect with us

Economy

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ နေ့စဉ် ဆန်ကွဲအိတ်ရေ ၃၀,၀၀၀ ဝန်းကျင် တင်ပို့နေရကြောင်းဆို

ဆန်သယ်ယူနေမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ နေ့စဉ် ဆန်ကွဲအိတ်ရေ ၃၀,၀၀၀ ဝန်းကျင် တင်ပို့နေရကြောင်း မူဆယ်ဆန်စပါး ကုန်စည်ဒိုင်မှ ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ဆင်ဟွာသို့ ဇန်နဝါရီ ၁ ရက်တွင်ပြောသည်။

“ဆန်ကွဲတွေ တရုတ်နိုင်ငံကို နေ့စဉ်တင်ပို့နေတယ်။ ဆန်ကကြတော့ ဒီဇင်ဘာ ၃၁ ရက် ကစပြီး ပါမစ်ကုန်သွားလို့ ဆန်ကွဲကတော့ နေ့စဉ်ပုံမှန်ဝင်ထွက်တာရှိပါတယ်။ ဆန်တင်ပို့မှု ပါမစ်တွေက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလလောက်မှာ ရနိုင်ပါတယ်။ ဆန်တင်သွင်းခွင့်ပါမစ်ကို တရုတ်နိုင်ငံဘက်က ၂၀၁၉ ခုနှစ်မှာ ကုမ္ပဏီ ၅ ခုကို ဆန်ပါမစ်ထုတ်ပေးခဲ့တယ်။ ၂၀၂၀ပြည့်နှစ်မှာ ကုမ္ပဏီ ၁၅ခုခွင့်ပြုခဲ့တယ်။ ၂၀၂၁ ခုနှစ်မှာ ကုမ္ပဏီ ၅၀ အထိချပေးမယ်လို့ကြားပါတယ်။ အဲဒါဆိုရင် တရုတ်နိုင်ငံဘက်ကို ဆန်ပိုပြီးတင်ပို့နိုင်မယ်လို့ ထင်ပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုမှာ အများဆုံးဖြစ်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးတွင် မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှာ ကုန်သွယ်မှုအများဆုံးကုန်သွယ်ရေးဇုန်ဖြစ်ကြောင်း ဆိုသည်။

“တရုတ်နိုင်ငံရဲ့ ဝယ်လိုအားက မြန်မာနိုင်ငံအတွက် အရေးကြီးတယ်။ ဆန်ရောင်းဝယ်ရေး အတွက် ၂၀၂၁ ကို တအားမျှော်လင့်ထားတယ်။ ကျွန်တော်တို့ဘက်မှာ ဆန်စက်တွေက ပြုပြင်ပြောင်းလဲလိုက်လို့ ဆန်အရည်အသွေးတွေလည်း ပိုပြီးကောင်းလာတဲ့အတွက် ဒီနှစ်ကတော့ တရုတ်နိုင်ငံဘက်ကို ဆန်ပိုပြီး တင်ပို့နိုင်မယ်လို့ မျှော်လင့်ထားတယ်’’ ဟု ၎င်းကဆက်ပြောသည်။

လက်ရှိ တရုတ်နိုင်ငံသို့ တင်ပို့သည့် ဆန်ဈေးနှုန်းမှာလည်း မူဆယ်အထိုင်ဈေးမှာ ဆန်ကွဲ ၅၀ ကီလို တစ်အိတ်လျှင် ၁၂၈ ယွမ်၊ သုခဆန် ၅၀ ကီလို တစ်အိတ်လျှင် ၁၃၆ ယွမ်နှင့် ငစိန်ဆန် ၅၀ ကီလို တစ်အိတ်လျှင် ၁၃၇ ယွမ် ရှိကြောင်းသိရသည်။

လက်ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဇုန်မှာ လေးခု ဖွင့်လှစ်ထားပြီး ယင်းမှာ ရှမ်းပြည်နယ်တွင် မူဆယ် ၁၀၅ မိုင်နှင့် ချင်းရွှေဟော်၊ ကချင်ပြည်နယ်တွင် ကန်ပိုက်တီးနှင့် လွယ်ဂျယ်တို့ဖြစ်ပြီး မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သည် ကုန်သွယ်မှုအများဆုံးဖြစ်ကြောင်း သိရသည်။ (Xinhua)

 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117