Connect with us

Economy

အစိုးရငွေတိုက်စာချုပ်များအား လစဉ် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန်ဘဏ်ခွဲ) ၌ လေလံစနစ်ဖြင့် ရောင်းချမည်

မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန်ဘဏ်ခွဲ)အား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ)

အစိုးရငွေတိုက်စာချုပ်များ (Government Treasury Bonds) များကို လစဉ် တတိယမြောက်ရက်သတ္တပတ်၏ အင်္ဂါနေ့တိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန်ဘဏ်ခွဲ) ၌ လေလံစနစ်ဖြင့်ရောင်းချမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ သိရသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့၏ Website များတွင် လေလံပွဲ ကျင်းပမည့် နေ့ရက်၊ လေလံ ခေါ်ယူသည့် ပမာဏ နှင့် ငွေတိုက် စာချုပ်များ၏ သက်တမ်း စေ့ရောက်မည့် နေ့ရက်၊ အတိုးနှုန်းတို့ကို လေလံပွဲ မတိုင်မီ ကြေညာမည်ဖြစ်ကြောင်း သိရသည်။
တစ်ဦးချင်းအလိုက်၊ အဖွဲ့အစည်းအလိုက် ရင်းနှီးမြှုပ်နှံလိုပါက လောလောဆယ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က Underwriter များအဖြစ် ခန့်အပ်ထားသော မြန်မာ့ စီးပွားရေးဘဏ်-MEB နှင့် မြန်မာ့ငွေချေးသက်သေခံလက်မှတ် လဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီ လီမိတက် -MSEC တို့မှတစ်ဆင့် လေလံဝင်ရောက်နိုင်ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ် ဇန်နဝါရီလက စတင်ခဲ့သော အစိုးရငွေတိုက်လက်မှတ်များ (Government Treasury Bills) လေလံစနစ်ဖြင့် ရောင်းချခြင်းတွင် မှတ်ပုံ တင်ပြီးသောအဖွဲ့အစည်းဖြစ်ပါက ထပ်မံမှတ်ပုံတင်ရန် မလိုဘဲ မှတ်ပုံမတင် ရသေးသည့် အဖွဲ့အစည်း များသည် လေလံပွဲမတိုင်မီ ၁ဝ ရက် ကြိုတင်၍ သတ်မှတ်ထားသည့် လျှောက်လွှာ ပုံစံဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရသည်။ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ-၂(ဆ)နှင့် ပုဒ်မ-၅၂(ည) တို့အရ ဘဏ်လုပ်ငန်းဆောင်ရွက်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လိုင်စင်ရရှိထားပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် စာရင်း ဖွင့်လှစ်ထားသည့် ဘဏ်အဖွဲ့အစည်းများသည် လေလံပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရန် မှတ်ပုံတင်ခွင့်ရှိကြောင်း သိရသည်။(Xinhua)