Connect with us

Sino-Myanmar

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက မေရီချက်(ပ်)မင်းကျောင်းသို့ ကျပ်သန်း ၂၀ ကျော် တန်ဖိုးရှိ နေ့စဉ်စားသောက်ကုန်များ ပေးအပ်လှုဒါန်း

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ သံမှူးကြီး Mr. Zheng Zhihong က မေရီချက်(ပ်)မင်းကျောင်း တာဝန်ရှိသူများထံသို့ အစားအသောက်ပစ္စည်းများအား လှူဒါန်းပေးအပ်နေသည်ကို ဇွန် ၂၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက မေရီချက်(ပ်)မင်း နားမကြားကလေးများကျောင်းသို့ ၂၀၂၂ ခုနှစ် လှူဒါန်းမှုအစီအစဉ်အနေဖြင့် ကျပ်သန်း ၂၀ ကျော်တန်ဖိုးရှိ နေ့စဉ်စားသောက်ကုန်ပစ္စည်းများ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ သံမှူးကြီး Mr. Zheng Zhihong က ၂၀၂၂ ခုနှစ် လှူဒါန်းမှုအစီအစဉ် စတင်သည့် အခမ်းအနား၌ အမှာစကားပြောကြားနေသည်ကို ဇွန် ၂၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

မေရီချက်(ပ်)မင်း နားမကြားကလေးများကျောင်း၏ ကျောင်းအုပ်ကြီး ဒေါ်ခင်သီတာညွန့်က ၂၀၂၂ ခုနှစ် လှူဒါန်းမှုအစီအစဉ် စတင်သည့် အခမ်းအနား၌ ကျေးဇူးတင်အမှာစကားပြောကြားနေသည်ကို ဇွန် ၂၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

မေရီချက်(ပ်)မင်းကျောင်း တာဝန်ရှိသူများက မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ သံမှူးကြီး Mr. Zheng Zhihong အား ကျေးဇူးတင်လွှာ ပေးအပ်နေသည်ကို ဇွန် ၂၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

မေရီချက်(ပ်)မင်း နားမကြားကလေးများကျောင်း၌ ပြုလုပ်သော စားသောက်ကုန်များ လှူဒါန်းသည့်အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား/သူများအား ဇွန် ၂၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

သံရုံးအနေဖြင့် မေရီချက်(ပ်)မင်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေး နှင့် ကျောင်းသားများ၏ ကျန်းမာရေး နှင့် တိုးတက်မှုတို့အတွက် ဂရုတစိုက် နှင့် ပံ့ပိုးပေးနေသည်မှာ ကြာမြင့်ပြီ ဖြစ်ကြောင်း ၊ ပြီးခဲ့သည့် လေးနှစ်အတွင်း ကျပ်သန်း ၂၀၀ ဝန်းကျင် ထောက်ပံ့ပေးခဲ့ပြီး မေရီချက်(ပ်)မင်းကျောင်းသို့ အရည်အသွေးမီ စားသောက်ကုန်ပစ္စည်းများ ပေးပို့ရန်အတွက် City Mart သို့ အပ်နှံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ သံမှူးကြီး Mr. Zheng Zhihong က ယနေ့ ဇွန် ၂၈ ရက်တွင် မေရီချက်(ပ်)မင်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၂ ခုနှစ် လှူဒါန်းမှုအစီအစဉ် စတင်သည့် အခမ်းအနား၌ ပြောကြားခဲ့သည်။

ယင်းအထောက်အပံ့ပစ္စည်းများသည် ဆရာ/ဆရာမများ နှင့် ကျောင်းသား/သူများ၏ နေ့စဉ်ဘဝ သာမက နွေရာသီ သက်မွေးဝမ်းကျောင်းသင်တန်းများကိုလည်း ထိထိရောက်ရောက် အထောက်အကူ ဖြစ်စေကြောင်း ကြားရသည့်အတွက် ဝမ်းသာမိပါကြောင်း ၊ COVID-19 ကပ်ရောဂါကာလအတွင်း ကျောင်း၏ ကပ်ရောဂါတိုက်ဖျက်ရေး ကြိုးပမ်းမှုများအား ပံ့ပိုးကူညီကာ ဆေးဘက်ဆိုင်ရာပစ္စည်းများ လှူဒါန်းခဲ့ကြောင်း ၊ ယခုနှစ်တွင် ကျောင်း၏ လိုအပ်ချက်များနှင့်အညီ ဟင်းချက်ဆီ ၊ ကြက်သား ၊ ဝက်သား ၊ ကြက်အူချောင်း ၊ ခေါက်ဆွဲ ၊ ကြက်ဥ အပါအဝင် ကျပ်သန်း ၂၀ ကျော် တန်ဖိုးရှိ နေ့စဉ်စားသောက်ကုန်ပစ္စည်းများ ပေးအပ်ရန် အစီအစဉ်အား ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ယင်းအခမ်းအနားတွင် မေရီချက်(ပ်)မင်း နားမကြားကလေးများကျောင်း၏ ကျောင်းအုပ်ကြီး ဒေါ်ခင်သီတာညွန့်က ကျောင်းအတွက် လိုအပ်သည့်ပစ္စည်းများ လှူဒါန်းခြင်းအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် MoU လက်မှတ်ရေးထိုးပြီးနောက် ၂၀၁၈ ခုနှစ်မှစတင်ကာ မေရီချက်(ပ်)မင်းကျောင်းသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးထံမှ လှူဒါန်းပေးအပ်မှုများ ရရှိခဲ့ကြောင်း ၊ သံရုံးက ယခုနှစ်တွင် ကျပ်သန်း ၂၀ ထပ်မံပေးအပ်ခဲ့ကြောင်း ၊ ထိုကြောင့် မေရီချက်(ပ်)မင်းကျောင်းရှိကလေးများသည် တစ်ရက်လျှင် လေးကြိမ် အသား နှင့် တခြားအာဟာရဖြစ်စေသောအစားအစာများအား စားသောက်နိုင်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ကျောင်းအုပ်ကြီး ဒေါ်ခင်သီတာညွန့်က “ကျွန်မတို့က အလှူရှင်များအပေါ်မှာပဲ ရပ်တည်နေရတာ ဖြစ်တဲ့အတွက် အခုလို နေ့စဉ်စားသောက်မယ့် ကုန်ကြမ်းပေါ့ ။ အသား ၊ ငါး လဲ ပါပါတယ်။ Basic Food ကို Cover ဖြစ်သွားတဲ့အတွက် ကလေးတွေကိုလဲ တစ်နေ့ လေးကြိမ် ကျွေးရတဲ့အတွက် အများကြီးအထောက်အကူ ဖြစ်ပါတယ်။ဒါပေမဲ့ တစ်နှစ်လုံးမှာတော့ အပြင်က individual donar လေးတွေလဲ လာလှူဒါန်းတဲ့အတွက် တော်တော်လေးကို အထောက်အကူ ဖြစ်သွားပါတယ်။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ရန်ကုန်မြို့ရှိ မေရီချက်(ပ်)မင်း နားမကြားကလေးများကျောင်း၌ အဆောင်နေကျောင်းသား ၁၄၀ ဦး နှင့် ပြင်ပမှ တက်ရောက်သည့် ကျောင်းသား ၅၀ ဦးအပါအဝင် ကျောင်းသား/သူပေါင်း ၁၉၀ ဦး ရှိကြောင်း သိရသည်။ (Xinhua)