Connect with us

Economy

တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်သည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း သဘောတူစာချုပ်ချုပ်ဆိုသည့်အခမ်းအနားသို့ သံအမတ်ကြီး Mr. Chen Hai တက်ရောက်

ရန်ကုန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်သည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း သဘောတူစာချုပ်ချုပ်ဆိုသည့်အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားကို POWERCHINA Resources Ltd နှင့် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ကြီးအုံကြီးဝ၊ ကင်းတားနှင့် စေတုတ္ထရာ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း (၃) ခုအတွက် လျှပ်စစ်ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကို နိုဝင်ဘာလ ၇ ရက်တွင် နေပြည်တော်၌ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနား၌ သံအမတ်ကြီး Mr. Chen Hai နှင့် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းတို့ အမှာစကားပြောကြားရာတွင် သက်ဆိုင်ရာ နေရောင်ခြည်စွမ်းအင်သုံး ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများ တိုးတက်မှုရရှိခြင်းကို ချီးကျူးခဲ့ပြီး တရုတ်-မြန်မာ လျှပ်စစ်ဓာတ်အားပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ဖော်ဆောင်ကာ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ဝန်ဆောင်မှုပေး၍ မြန်မာပြည်သူများအတွက် ပိုများသည့် အကျိုးစီးပွားများသယ်ဆောင်လာမည့်သဘောထားကို ပြောကြားခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သံအမတ်ကြီး Mr. Chen Hai က ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့်လည်းတွေ့ဆုံ၍ တတိယအကြိမ် “Belt and Road” နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုထိပ်သီးဖိုရမ် သဘောတူညီချက်ရလဒ်များကို အကောင်အထည်ဖော်ဆောင်ရေး၊ တရုတ်-မြန်မာလျှပ်စစ်ဓာတ်အား အပြန်အလှန်ချိတ်ဆက်မှုဖော်ဆောင်ရေး၊ မြန်မာနိုင်ငံ၏ “လျှပ်စစ်လိုအပ်ချက်” ကို ကူညီပေးဖြေရှင်းပေးရေး၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ တည်ဆောက်မှုအတွက် အာမခံချက်ပေးရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။

ယခုအကြိမ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း (၃) ခုသည် မြန်မာနိုင်ငံ မကွေးတိုင်းနှင့် မန္တလေးတိုင်းတွင်တည်ရှိ၍ စုစုပေါင်းစက်တပ်အင်အားမှာ ၉၀ မဂ္ဂါဝပ်ဖြစ်ကာ အဆိုပါဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် အာမခံချက်ပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai ၊ မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် စီမံကိန်းကုမ္ပဏီ အထွေထွေမန်နေဂျာ Mr. Jiang Xingcheng တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)