Connect with us

Politics

တရုတ်နိုင်ငံအနေဖြင့် နယ်စပ်ဒေသငြိမ်းချမ်းရေးကို မြန်မာနိုင်ငံနှင့် အတူလက်တွဲ၍ ကာကွယ် စောင့်ရှောက်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိတို့ လက်ဆွဲ နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ် တစ်လျှောက် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို မြန်မာနိုင်ငံနှင့် အတူလက်တွဲ၍ ကာကွယ် စောင့်ရှောက်သွားရန် အဆင့်သင့်ရှိကြောင်း မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး အလည်အပတ် ရောက်ရှိနေသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ယနေ့ နေပြည်တော်၌ တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

တပ်ပိုင်းဆိုင်ရာ အပြန်အလှန်ဖလှယ်ရေးသည် တရုတ်-မြန်မာ နှစ်နိုင်ငံ၏ ညီရင်းအစ်ကိုပမာ ဆက်ဆံရေး၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း၊ တရုတ်- မြန်မာ နှစ်နိုင်ငံ၏ အခြေခံကျသော ရေရှည်အကျိုးစီးပွားဖြစ်သည့် ချစ်ကြည်ရေးအစဉ်အလာကို နှစ်နိုင်ငံ တပ်မတော်များ အနေဖြင့် ဆက်လက်သယ်ဆောင်သွားသင့်ကြောင်းနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် ငြိမ်းချမ်းရေး ညှိနှိုင်းမှုများ လုပ်ဆောင်ရာတွင် တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအား တတ်စွမ်းသမျှ ထောက်ပံ့ပေးခဲ့ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ရိ သည် မြန်မာနိုင်ငံ အစိုးရသစ်လက်ထက်တွင် ပထမဆုံး လာရောက်ခြင်းဖြစ်ပြီး ၎င်းမှာ မြန်မာနိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်လိုသည့် တရုတ်နိုင်ငံ၏ ခိုင်မာသော ဆန္ဒကိုဖော်ပြကြောင်း နှင့် မြန်မာနိုင်ငံ၏ ခက်ခဲသော အချိန်များ၌ တရုတ်နိုင်ငံ၏ ထောက်ပံ့ကူညီပေးခဲ့မှုများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

မြန်မာတပ်မတော်သည် တရုတ်နိုင်ငံနှင့် ချစ်ကြည်ရေးမူဝါဒကို ဆက်လက် ကျင့်သုံးသွားမည် ဖြစ်ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်း မိတ်ဆွေကောင်းများအဖြစ် အချင်းချင်း အပြန်အလှန် ယုံကြည်ခြင်း၊ ထောက်ပံ့ခြင်းနှင့် ကူညီခြင်းများဖြင့် ရှေ့ဆက်သွားရန် မျှော်လင့်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ ၂ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့သော တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိသည် ယမန်နေ့ ဧပြီလ ၅ ရက်တွင် စတင် ရောက်ရှိလာခဲ့ပြီးသမ္မတဦးထင်ကျော်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။ (Xinhua)