Connect with us

Politics

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် မြန်မာ နိုင်ငံ နိုင်ငံတော် ၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ဆွေးနွေး

တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန် က မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အားလက်ခံတွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း ၊ သြဂုတ် ၁၈ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်လီခဲ့ချန် နှင့် တရုတ်နိုင်ငံသို့ ချစ်ကြည် လည်ပတ်ရေး ခရီး ဖြင့်ရောက်ရှိနေသည့် မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့သည် ယနေ့ မွန်းလွဲပိုင်း အချိန်တွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီးတွင် တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

တွေ့ဆုံ ဆွေးနွေးပွဲ တွင် တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က တရုတ်-မြန်မာ နှစ်နိုင်ငံ သည် တောတောင်ရေမြေချင်း ထိစပ် နေပြီး နက်ရှိုင်းသော ဆွေမျိုးပေါက်ဖော် ချစ်ကြည် ဆက်ဆံရေး တည်ရှိကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စတင် တာဝန် ထမ်းဆောင်ချိန်မှ စ၍ အာဆီယံ ပြင်ပ ပထမ ဦးဆုံး သွားရောက် လည်ပတ်သည့် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ သို့လာရောက် ခဲ့သည့် အတွက် မြန်မာ နိုင်ငံ အစိုးရ နှင့် ဒေါ်အောင်ဆန်းစုကြည် မှ တရုတ် နိုင်ငံ နှင့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရန် အလေးထားသည် ကို သိရှိရသည့် အတွက် တရုတ် နိုင်ငံ အနေဖြင့် ချီးမွမ်းကြောင်း ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် နှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဂုဏ်ပြုတပ်ဖွဲ့၏လေးပြုခြင်းကိုခံယူစဉ် (ဆင်ဟွာ)

လီခဲ့ချန် က နိုင်ငံတကာ အခြေအနေ မည်သို့ ပြောင်းလဲ သည် ဖြစ်စေ တရုတ်-မြန်မာ နှစ်နိုင်ငံ သည် အပြန်အလှန် လေးစားမှု ထားရှိပြီး တန်းတူညီမျှ ဆက်ဆံမှု ထားရှိခဲ့ကြောင်း ၊ တရုတ်-မြန်မာ-အိန္ဒိယ အတူတကွ ဖော်ဆောင်ခဲ့သည့် ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေး အခြေခံမူကြီး ၅ ချက် သည် နိုင်ငံ တကာ ဆက်ဆံရေး၏ အခြေခံ စည်းမျဉ်းများ ဖြစ်ခဲ့ရကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ သည် မိမိ နိုင်ငံ အခြေအနေ နှင့် ကိုက်ညီသော တိုးတက်ရေး လမ်းစဉ် လျှောက်လှမ်း သည် ကို ထောက်ခံအားပေးသွားမည် ဖြစ်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး နှင့် လူမှုဘဝ မြှင့်တင်ရေး စသည့် ကဏ္ဍများတွင် ကြိုးပမ်းဆောင်ရွက်မှု များကိုလည်း ထောက်ခံအားပေးကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ နှင့် အတူတကွ အပြန်အလှန် နိုင်ငံရေး ယုံကြည်မှု တည်ဆောက်ကာ အစိုးရ ၊ လွှတ်တော် ၊ ပါတီ ၊ စစ်ဘက်ဆိုင်ရာ ၊ အရပ်ဘက်ဆိုင်ရာ ၊ လူမှုရေး အသင်းအဖွဲ့ အစည်း ကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးအား ပိုမို ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်သွားလိုကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ အတူတကွ ပူးပေါင်း၍ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက် သွားလိုကြောင်း ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန် နှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့အစည်းအဝေး ကျင်းပနေစဉ်(ဆင်ဟွာ)

ထို့နောက်တွင် လီခဲ့ချန် က တရုတ်-မြန်မာ နှစ်နိုင်ငံ သည် နှစ်နိုင်ငံ ပြည်သူလူထု အကျိုးစီးပွားဖြစ်ထွန်း စေမည့် ရည်ရွယ်ချက်ဖြင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု များ ဆောင်ရွက်ကာ နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်း စေမည့် ဆောင်ရွက်မှု များ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ နှင့် မဟာဗျူဟာ ချိတ်ဆက် ဆောင်ရွက်မှု များတိုးမြှင့် ကာ အရေးကြီး ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုး ကောင်းမွန်စွာ စီစဉ် ဆောင်ရွက်လိုကြောင်း ၊ တရုတ်-မြန်မာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း ၊ မြစ်ဆုံ ရေအားလျှပ်စစ် စသည့် အရေးကြီး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းကြီး များတွင်လည်း သင့်လျှော်စွာ တိုးတက်မှု ရရှိအောင် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ၊ အခြေခံ အဆောက်အဦး တည်ဆောက်ရေး နှင့် အပြန်အလှန် ချိတ်ဆက် ဆောင်ရွက်မှု များကို အဆင့်မြှင့်တင်ကာ ကုန်သွယ်ရေး နှင့် စိုက်ပျိုးရေး စသည့် ကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမည် ဖြစ်ကြောင်း ၊ ယဉ်ကျေးမှု ၊ ပညာရေး နှင့် ကျန်းမာရေး စသည့် ကဏ္ဍများတွင် တိုးချဲ့ဆောင်ရွက်ပြီး နှစ်နိုင်ငံ ပြည်သူလူထု အကြား နှလုံးသားချင်း ချိတ်ဆက်ပေး သည့် တံတား ကို ခိုင်မြဲစေမည် ဖြစ်ကြောင်း အထူး ပြောကြား ခဲ့သည်။

လီခဲ့ချန် က ယခု နှစ်သည် တရုတ်-အာဆီယံ ဆက်ဆံရေး တည်ဆောက်ခဲ့သည့် ၂၅ မြောက် နှစ်ဖြစ်ပြီး တရုတ် နိုင်ငံ သည် အာဆီယံ နှင့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကိုအလေးထား ကာ အာဆီယံ အသိုက်အဝန်း တည်ဆောက်ရန် ကိုလည်း ထောက်ခံအားပေးကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် အာဆီယံ တွင် အရေးပါ သော အဖွဲ့ဝင် နိုင်ငံ ဖြစ်သည်ကိုလည်း လွန်စွာ အလေးထားကြောင်း ၊ မြန်မာ နိုင်ငံ အပါအဝင် အာဆီယံ အဖွဲ့ဝင် နိုင်ငံ များနှင့် အတူတကွ ပိုမို နီးကပ် သည့် တရုတ်-အာဆီယံ အသိုက်အဝန်းကို တည်ဆောက် သွားလိုကြောင်း ပြောကြား ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် က မြန်မာ-တရုတ် ချစ်ကြည် ဆက်ဆံရေး သည် ရှည်လျားသော သမိုင်းအစဉ်အလာ ရှိခဲ့ပြီး နက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး အခြေခံများ ရှိခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ အစိုးရ သစ် အနေဖြင့် တရုတ် နိုင်ငံ နှင့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကို လွန်စွာ အလေးထားကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ကူညီထောက်ပံ့မှု များကို ကျေးဇူးတင်ရှိကြောင်း ၊ နိုင်ငံတကာ အခြေအနေများ ပြောင်းလဲမှု ရှိခဲ့သော်လည်း မြန်မာ နိုင်ငံ အနေဖြင့် ဆက်လက်၍ မြန်မာ-တရုတ် ဆက်ဆံရေး ခိုင်မြဲတိုးတက်စေရန် အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ နှင့် အတူတကွ အစိုးရ အရာရှိပိုင်း အပြန်အလှန် ဆက်ဆံမှု ကိုထိန်းသိမ်းပြီး နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု တိုးမြှင့် သွားမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ချိတ်ဆက် ဆောင်ရွက်မှုများ တိုးမြှင့်ကာ စွမ်းအင်အရင်းအမြစ် စသည့် ကဏ္ဍ များတွင် လက်တွေ့ ပူးပေါင်း ဆောင်ရွက်မှု များကို တွန်းအားပေး သွားမည် ဖြစ်ကြောင်း ၊ ကုန်သွယ်ရေး ၊ စိုက်ပျိုးရေး ၊ ကျန်းမာရေး နှင့် ပညာရေး စသည့် ကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်မှု များ တိုးချဲ့ကာ နယ်စပ် ဒေသ တည်ငြိမ် အေးချမ်းရေး ကို အတူတကွ ထိန်းသိမ်းပြီး နှစ်နိုင်ငံ ပြည်သူလူထု ချစ်ကြည်မှု တိုးမြှင့်ရေး နှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် အာဆီယံ-တရုတ် ဆက်ဆံရေး တည်ထောင်ခြင်း ၂၅ နှစ်ပြည့် အချိန်ကာလ တွင် အာဆီယံ-တရုတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေး သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် နှစ်နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ မြောက်ပိုင်း ကိစ္စရပ်များနှင့် ပတ်သက်၍ သဘောထား အမြင်များ ဖလှယ် ခဲ့ကြသည်။ တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် မှ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ အချုပ်အခြာအာဏာ တည်တံခိုင်မြဲရေးကို လေးစားမှု ထားရှိပြီး မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွင် ဆက်လက်၍ အပြုသဘောဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းဆောင်ရွက်မှု များ အားထုတ်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ၊ ၂၁ ရာစု ပင်လုံ ညီလာခံ တွင် အောင်မြင်မှု များ ရရှိရန် ကြိုတင် ဆုမွန်ကောင်းတောင်းကြောင်း ပြောကြား ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် မှ လည်း မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ် တွင် နှစ်နိုင်ငံ ကောင်းမွန်သည့် ညှိနှိုင်းဆောင်ရွက်မှု များကို လွန်စွာ ချီးကျူးသုံးသပ် ခဲ့ပြီး ဆက်လက်၍ ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အစည်းအဝေး မစတင်မီ တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် သည် ပြည်သူ့ခန်းမကြီး မြောက်ဘက် ဆောင်တွင် မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုအခမ်းအနား ဖြင့် ကြိုဆိုခဲ့ပြီး တရုတ် နိုင်ငံ မှ အဆင့်မြင့် အရာရှိများ တက်ရောက် ခဲ့ကြသည်။
အစည်းအဝေး အပြီး တွင် လီခဲ့ချန် နှင့် ဒေါ်အောင်ဆန်းစုကြည် တို့မှ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု စာချုပ် လက်မှတ်ရေးထိုးပွဲ ကို တက်ရောက် ခဲ့ကြသည်။(Xinhua)