Connect with us

Politics

မြန်မာ- တရုတ် ချစ်ကြည်ရေးအသင်း တရုတ်နိုင်ငံတွင်းရှိ ကိုးကန့်ဒေသ စစ်ဘေးရှောင်များနှင့် တွေ့ဆုံ

ယူနန် ပြည်နယ်တွင်း ရှိ မြန်မာ ဒုက္ခသည် စခန်း အားသွားရောက်လည်ပတ်သော မြန်မာ- တရုတ် ချစ်ကြည်ရေးအသင်း (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၉ ရက် (ဆင်ဟွာ)

မြန်မာ- တရုတ် ချစ်ကြည်ရေးအသင်း အထူးကိုယ်စားလှယ် အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်ပြီး ကိုးကန့်ဒေသ တိုက်ပွဲရှောင် ပြည်သူများနှင့် တွေ့ဆုံ ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ အထူးကိုယ်စားလှယ်အဖွဲ့သည် လင်စန်းမြို့သို့ မတ်လ (၇) ရက်နေ့တွင် သွားရောက်ခဲ့ပြီး နယ်နိမိတ် မှတ်တိုင် အမှတ် (၁၃၇)၊ (၁၂၇) နှင့် (၁၂၅) တို့ရှိ တရုတ်နိုင်ငံဘက်သို့ ယာယီ ခိုလှုံလာကြသူများ အတွက် တရုတ်အစိုးရမှ တည်ဆောက် ထားသည့် ယာယီ စခန်းများသို့ သွားရောက် ကြည့်ရှုခဲ့ပြီး နယ်နိမိတ် မှတ်တိုင် အမှတ် (၁၃၇) ရှိ ယာယီစခန်းတွင် ယာယီရွှေ့ပြောင်း ရောက်ရှိနေသူ (၁,၁၀၀) ဦးအား လည်းကောင်း၊ နယ်နိမိတ် မှတ်တိုင် (၁၂၇) ရှိ ယာယီ စခန်းတွင် (၁,၅၀၀) ဦးခန့်အား လည်းကောင်း တွေ့ဆုံခဲ့သည်။

နယ်နိမိတ် မှတ်တိုင် အမှတ် (၁၂၅) ရှိ ယာယီစခန်း၌ ခေတ္တခိုလှုံနေသူများသည် မြန်မာနိုင်ငံ ဘက်ရှိ မိမိနေရပ်များသို့ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံထဲ ရောက်ရှိနေသော ကိုးကန့်ဒေသ စစ်ဘေးရှောင် ဒေသခံများ၏ ကျန်းမာရေး၊ နေရေးထိုင်ရေးများကို တရုတ်အစိုးရက ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း တွေ့မြင်ရပြီး နယ်စပ် အခြေအနေများသည်လည်း တစ်စတစ်စ တည်ငြိမ်စ ပြုလာကြောင်း ယင်းခရီးစဉ်သို့ လိုက်ပါသွားသော မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းမှ အတွင်းရေးမှူး ဦးမျိုးအောင်က ပြောသည်။

ယင်း ကိုယ်စားလှယ် အဖွဲ့သည် လင်စန်းမြို့တွင် လင်စန်း မြူနီစီပယ်ပါတီ အတွင်းရေးမှူး လီရှောင်ပင်း၊ ယူနန်ပြည်နယ် ကူမင်းမြို့တွင် တရုတ် ကွန်မြူနစ်ပါတီ၊ ယူနန်ပြည်နယ် အမြဲတမ်း ကော်မတီဝင် မစ္စတာ မန်ဆုထယ်တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

မြန်မာ- တရုတ် ချစ်ကြည်ရေး အသင်း အထူး ကိုယ်စားလှယ်အဖွဲ့သည် ပေကျင်းမြို့တွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ လျိုကျန့်မင်၊ အာရှရေးရာ အထူးသံတမန် မစ္စတာ ဝမ်ရင်းဖန်နှင့် တရုတ်- မြန်မာ ချစ်ကြည်ရေး အသင်း ဒုတိယ အမှုဆောင်ဥက္ကဌ မစ္စတာ ကမ်ကျစ်ယွမ်တို့နှင့် သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များ၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေး ကိစ္စများကို အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။

တရုတ် နိုင်ငံဘက်သို့ ရောက်ရှိ လာကြသည့် ကိုးကန့်ဒေသမှ တိုက်ပွဲရှောင် ပြည်သူများအား လူသားချင်း စာနာမှု အကူအညီများ ပေးအပ်ခဲ့သည့် အတွက် မြန်မာ ကိုယ်စားလှယ် အဖွဲ့က တရုတ် အစိုးရ အား ကျေးဇူးတင် ရှိကြောင်းလည်း ပြောကြားခဲ့သည်။

မြန်မာ- တရုတ် ချစ်ကြည်ရေး အသင်း အထူး ကိုယ်စားလှယ် အဖွဲ့သည် ယူနန် ပြည်နယ်သို့ မတ်လ (၅) ရက်နေ့မှ (၈) ရက်နေ့အထိ သွားရောက်ခဲ့သည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဖိတ်ကြားချက် အရ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ သို့ မြန်မာ- တရုတ် ချစ်ကြည်ရေး အသင်းမှ အသင်းနာယက ဦးတင်ဦး၊ အသင်းဥက္ကဌ ဦးစိန်ဝင်းအောင် နှင့် အတွင်းရေးမှူး ဦးမျိုးအောင်တို့ သွားရောက်ခဲ့သည်။ (Xinhua)